The network connection is lost.

Banner Image

ဟာလန်းတစ်ယောက် တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ ကြိုးစားနေတယ်လို့ဆိုလာတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းရဲ့စူပါစတားတိုက်စစ်မှူး အာလင်းဟာလန်းဟာ ကြားရက်အတွင်း တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ ကြံ့ခိုင်မှုပြည့်ဝအောင်ကြိုးစားနေတယ်လို့ အသိပေးပြာကြားလာခဲ့ပါတယ်။ ယခုရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၂၇ ဂိုးအထိသွင်းယူပေးထားတဲ့ နော်ဝေးလက်ရွေးစင်ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က နယူးကာဆယ်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒူခေါင်းဒဏ်ရာကြုံတွေ့ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေကို လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဟာလန်းရဲ့ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက "ဒီည လေ့ကျင့်ရေးအစီအစဉ်ပြီးရင် ကျွန်တော်တို့ အခြေအနေကိုသိရမှာပါ။ ကျွန်တော်လည်း သူကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ မသိရသေးပါဘူး။ ပိုကောင်းလာတယ်လို့ သူပြောပေမယ့် မနက်ဖြန်မှာ စောင့်ကြည့်ရဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို စံချိန်တင် ၄ နှစ်ဆက်တိုက်ဆွတ်ခူးထားနိုင်ခဲ့တဲ့ မန်စီးတီးဟာ လက်ရှိအချိန်မှာ‌တော့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာသာရပ်တည်ထားနိုင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် ၆-၃ နဲ့ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေရတဲ့မန်စီးတီဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဒေါ်လာ ၂၂၄ သန်းကျော်အထိ သုံးစွဲပြီး အိုမာ မာမွတ်ရှ်၊ နီကိုဂွန်ဇာလက်ဇ်၊ ခူဆာနော့ဗ်၊ ဗစ်တာရီးစ်နဲ့ ဂျူမာဘတ်တို့ကိုခေါ်ယူအင်အားဖြည့်တင်းထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသင်းကရုန်းကန်နေရပေမယ့် ဂွါဒီယိုလာက သူ့အနေနဲ့ အသင်းကို အပြည့်အဝပြန်လည်တည်ဆောက်နိုင်မယ်လို့ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ 

စပိန်သားနည်းပြက "ကျွန်တော်တို့ အသင်းကို ၂ ကြိမ်၊ ၃ ကြိမ်လောက်အထိ ပြန်လည်တည်ဆောက်ဖူးပါတယ်။ ဒါက အကြီးမားဆုံးစိန်ခေါ်မှုတော့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့စိန်ခေါ်မှုကတော့ နည်းပြဘဝအသစ်ကို ဝန်ထမ်းအသစ်တွေနဲ့စတင်ရတာမျိုးပါ။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ်သက်သေပြထားနိုင်ခဲ့ပြီး ကျွန်တော့်ရဲ့ဝန်ထမ်းတွေကလည်း ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာ သက်သေပြထားပြီးပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဂွါဒီယိုလာက အေစီမီလန်သို့ထွက်ခွာသွားခဲ့တဲ့ ကိုင်လ်ဝေါ်လ်ကာနေရာမှာ အစားထိုးဝင်ရောက်ကစားနေတဲ့ အသင်းရဲ့အကယ်ဒမီထွက်ကစားသမားလေး ရီကိုလူးဝစ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ဂွါဒီယိုလာက "စီနီယာအသင်းထဲကို စရောက်ကတည်းက သူအရမ်းကောင်းခဲ့ပါတယ်။ သူက ရိုးရိုးခြေစွမ်းကောင်းတဲ့ နောက်ခံလူမဟုတ်ဘဲ၊ ထူးခြားတဲ့ခြေစွမ်းရှိတဲ့ နောက်ခံလူတစ်ယောက်ပါ။ ဉာဏ်ကောင်းပြီး ထက်မြက်ပါတယ်။ သူ့ရဲ့ ကိုယ်ကာယပိုင်းကတော့ ဒီနိုင်ငံက ပုံမှန်နောက်ခံလူတွေလိုမဟုတ်ပေမယ့် အရမ်းအဆင်ပြေပါတယ်။ ဘောလုံးကိုင်ထားတဲ့အချိန်မှာ ပိုကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။