
ဘန်လေဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကိုပစ်မှတ်ထားလာတဲ့ မန်စီးတီး
မန်ချက်စတာစီးတီးဟာ ယခုနွေရာသီအတွင်း အသင်းမှထွက်ခွာဖို့အလားအလာရှိနေတဲ့ အီဒါဆန်နေရာမှာ အစားထိုးဖို့ ဘန်လေဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကိုပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။ လက်ရှိဂိုးသမား အီဒါဆန်ဟာ အသင်းနဲ့လမ်းခွဲဖို့အလားအလာများနေပြီး တူရကီကလပ် ဂါလာတာစာရေးနဲ့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်ဂိုးသမားဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးပြီး အခုချိန်အထိတော့ မန်စီးတီးအနေနဲ့ တရားဝင်ကမ်းလှမ်းမှု မရရှိသေးပါဘူး။
အီဒါဆန်ဟာ ပြီးခဲ့တဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးအတွက်ပါဝင်ကစားခွင့်မရခဲ့တာကြောင့် အသင်းမှထွက်ခွာဖို့အတွက် ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ လက်ရှိပစ်မှတ်ထားနေတဲ့ ထရက်ဖို့ဒ်ဟာ မန်စီးတီးအကယ်ဒမီထွက်ဂိုးသမားတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ ဘန်လေသို့ရောင်းချခဲ့စဉ်က ပြန်လည်ဝယ်ယူခွင့်သဘောတူညီချက်ကိုပါ အရောင်းအဝယ်စာချုပ်ထဲမှာထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကလည်း အသက်-၂၂ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဂိုးသမားကို ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။
အီဒါဆန်က ထွက်ခွာဖို့အလားအလာရှိနေတဲ့အပြင် အရန်ဂိုးသမား စတီဖန်အော်တီဂါကလည်း ဘွန်ဒက်စ်လီဂါသို့ပြောင်းရွှေ့ကစားတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် မန်စီးတီးအနေနဲ့ ထရက်ဖို့ဒ်ကို အမိအရခေါ်ယူဖို့ ကြိုးစားလာချေရှိပါတယ်။
တစ်ဖက်မှာမန်စီးတီးဟာ အသင်းရဲ့ညာနောက်ခံနေရာကို အင်အားဖြည့်တင်းဖို့ပြင်ဆင်နေပေမယ့် နယူးကာဆယ်ကြယ်ပွင့် တီနိုလီဗရာမန်တိုကိုတော့ ခေါ်ယူဖို့ ကမ်းလှမ်းမှုမပြုလုပ်ရသေးပါဘူး။ ကိုင်လ်ဝေါ်လ်ကာထွက်ခွာသွားခဲ့တဲ့ ညာနောက်ခံနေရာကို ဂွါဒီယိုလာဟာ လူငယ်ကစားသမားတစ်ယောက်နဲ့ အစားထိုးလိုနေတာဖြစ်ပါတယ်။
အသင်းမှ ကစားသမားအထွက်အနေနဲ့တော့ မန်စီးတီးဟာ ယခုနွေရာသီအတွင်း ဂျက်ဂရီးလစ်ရှ်နဲ့ ကယ်ဗင်ဖီးလစ်တို့အပါအဝင် အချို့ကစားသမားတွေကိုလည်း ရောင်းချဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။