The network connection is lost.

Banner Image

လီဗာပူးကို ရှုံးနိမ့်ပြီးနောက် မျှတမှုမရှိတဲ့ရလဒ်လို့ တုံ့ပြန်ခဲ့တဲ့ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်

ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးကို ရှုံးနိမ့်ပြီးနောက် အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စရပ်တွေကို မြင်တွေ့ထားခဲ့ပါတယ်။ ပါရီမြေမှာ ကျင်းပတဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပထမအကျော့ပွဲစဉ်အတွင်း ပြင်သစ်ချန်ပီယံတွေက ပရီးမီးယားလိဂ်ဦးဆောင်သူတွေကို အပြတ်အသတ်အသာစီးရယူကစားနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ အရေးနိမ့်ခဲ့ပါတယ်။

အီလီယော့ရဲ့နောက်ကျအနိုင်ဂိုးက လီဗာပူးအတွက် အဖိုးတန်နိုင်ပွဲကို ဖြစ်ပေါ်စေခဲ့ပြီး အန်ဖီးလ်မှာကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်ကို အနည်းငယ်အသာစီးရရှိအောင် ကူညီပေးခဲ့သလို ကွာတားဖိုင်နယ်အဆင့်တက်ရောက်နိုင်ရေးခရီးလမ်းအတွက် ခွန်အားတစ်ရပ် ဖြစ်စေခဲ့ပါတယ်။

တဖက်မှာလည်း ပီအက်စ်ဂျီက အခုလိုအခြေအနေမျိုးမှ လွတ်မြောက်အောင် လုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းတစ်ရပ် ရှိနေပါသေးတယ်။ သူတို့တွေက ပါရီမြေပွဲစဉ်အတွင်း ပြိုင်ဘက်ကို ၂၇ ကြိမ်တိတိ ဂိုးပေါက်ကန်သွင်းခြိမ်းခြောက်ခဲ့ပေမယ့် လီဗာပူးဂိုးသမားအလီဆင်ရဲ့အံ့မခန်းစွမ်းဆောင်ရည်ကြောင့် ရလဒ်ကောင်းနဲ့ ဝေးကွာခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံမြို့တော်မှာ ဂိုးပေါက်ကာကွယ်မှု ကိုးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီး ပွဲစဉ်အတွင်း အသင်းကို အကောင်းဆုံးထိန်းသိမ်းပေးနိုင်တဲ့ အလီဆင်ဘက်ကာကြောင့် အယ်လီယော့ရဲ့နောက်ကျဂိုးနဲ့အတူ ဧည့်သည်တို့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အခုလိုစိတ်ပျက်ဖွယ်ရာကိစ္စတွေ ရှိနေပေမယ့် အင်းနရစ်ကတော့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ဂုဏ်ယူနေခဲ့ပါတယ်။

အင်းနရစ်က “ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ရလဒ်ပိုင်းက အခုအဆုံးသတ်လိုမျိုးမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါက မကြာခဏဆိုသလိုပေါ်ပေါက်လာလေ့ရှိတဲ့ မမျှတတဲ့ရလဒ်တစ်ခု ဖြစ်ပါတယ်။ သူတို့ဂိုးသမားရဲ့လက်စွမ်းက ထူးခြားပြောင်မြောက်လွန်းပါတယ်။ အလီဆင်ကပဲ ဒီပွဲစဉ်ရဲ့လားရာကို ဆုံးဖြတ်ပေးခဲ့တာပါ။ လီဗာပူးက အခုဘောလုံးရာသီမှာ ဒီလိုပုံစံမျိုး မကစားခဲ့ဖူးပါဘူး။ ဒါက သူတို့ရဲ့ရွေးချယ်မှုကြောင့်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကြောင့်သာ ဖြစ်ပါတယ်။

ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကတော့ အလီဆင်ကိုယ်တိုင် အံ့အားသင့်စရာကောင်းလောက်တဲ့ ဂိုးပေါက်ကာကွယ်မှုငါးကြိမ် ပြုလုပ်ခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော်တို့က ပြိုင်ဘက်ထက် အပြတ်အသတ်သာလွန်ခဲ့ပါတယ်”လို့ ပြောပါတယ်။