ဇန်နဝါရီမှာ ယူနိုက်တက်မှထွက်ခွာပြီး ဆော်ဒီသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ ကတ်စ်မဲရိုး
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကတ်စ်မဲရိုးဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်မှာထွက်ခွာပြီး ဆော်ဒီမြေသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာတယ်။ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်မှအိုးလ်ထရက်ဖို့ဒ်သို့ရောက်ရှိလာခဲ့တဲ့ ကတ်စ်မဲရိုးဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာပြီး အသင်းကို ကူညီနိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် ချန်ပီယံလိဂ် ၅ ဆုရှင်ဟာ ဘာနေဗျူးမှပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ပရီးမီးယားလိဂ်မှာ ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါကြောင့် နည်းပြရူဘင်အာမိုရင်အနေနဲ့ ဘရာဇီးသားကို အသင်းရဲ့အနာဂတ်တွေမှာ ထည့်သွင်းထားခြင်းမရှိဘဲ ရောင်းထုတ်ဖို့သာဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ဘရာဇီးသတင်းတွေအရ ကတ်စ်မဲရိုးဟာ လာမယ့်ဇန်နဝါရီမှာပဲ ယူနိုက်တက်ကနေထွက်ခွာပြီး ဆော်ဒီပရိုလိဂ်မှ ကလပ်တစ်ခုခုသို့ပြောင်းရွှေ့သွားဖို့ သဘောတူညီထားပြီဖြစ်ကြောင်း သိရပါတယ်။
ကစားသမားကို ဆော်ဒီကလပ်တွေဖြစ်တဲ့ အယ်လ်နာဆာ၊ အယ်လ်အစ်တီဟတ်၊ အယ်လ်ဟီလယ်၊ အယ်လ်အာလီနဲ့ အယ်လ်အက်တီဖတ်တို့က စိတ်ဝင်စားနေကြပြီး ဘယ်အသင်းသို့ရောက်ရှိသွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ သို့သော်လည်း ဆော်ဒီပရိုလိဂ်စည်းမျဉ်းစည်းကမ်းတွေအရ ဆော်ဒီကလပ်တွေအနေနဲ့ နိုင်ငံခြားသားကစားသမားတစ်ယောက်ကို ခေါ်ယူမယ်ဆိုရင် အသင်းမှာရှိနေတဲ့ ကစားသမားတစ်ယောက်ကို ရောင်းချဖို့၊ ဒါမှမဟုတ် စာရင်းသွင်းထားခြင်းမှ ပယ်ဖျယ်သွားဖို့ လိုအပ်နေပါတယ်။
ယနေ့နံနက်က နယူးကာဆယ်ကို ၀-၂ နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကတ်စ်မဲရိုးဟာ ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ အခွင့်အရေးတွေကိုလည်း ဖြုန်းတီးခဲ့တာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ရှိနေစဉ်အတွင်း အသင်းမှာ ပုံမှန်နေရာရဖို့ရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။