The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဖိုင်နယ်အပြီး ဘော်လွန်းဒီအော်ဆုအတွက် စိတ်ကြိုက်ကစားသမားကို ရွေးချယ်လိုက်တဲ့ လူးဝစ်အင်းနရစ်

ပီအက်စ်ဂျီအသင်းရဲ့ချန်ပီယံလိဂ်အောင်ပွဲအပြီး လူးဝစ်အင်းနရစ်က သူ့ရဲ့ကစားသမားတစ်ဦးဟာ ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ အလွန်ထိုက်တန်နေပြီလို့ ယုံကြည်နေပါတယ်။
ပြင်သစ်ကလပ်အသင်းက မြူးနစ်မြို့မှာ အင်တာမီလန်ကို အံ့အားသင့်ဖွယ် ၅-၀ ဂိုးဖြင့် အနိုင်ယူပြီး ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ဥရောပချန်ပီယံသရဖူကို အမိအရဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဟာကီမီ၊ ဒူအီ(၂ ဂိုး)၊ ခဗာရက်စ်ခီလီယာနဲ့ လူစားဝင်ကစားသမားမာယူလူတို့ရဲ့သွင်းဂိုးတွေက စပိန်သားနည်းပြလက်အောက် ရင့်ကျက်လာပြီဖြစ်တဲ့ ပီအက်စ်ဂျီအတွက် သမိုင်းဝင်ဆုဖလားသုံးလုံးအောင်ပွဲ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မနေ့ညပိုင်းပွဲစဉ်ရဲ့ ဂိုးသွင်းသူစာရင်းမှာ မပါဝင်ပေမယ့် ပြိုင်ဘက်အင်တာမီလန်ခံစစ်ကြောင်းကို အကောင်းဆုံးဖိအားပေးကာ သွင်းဂိုးနှစ်ဂိုးအတွက် အဓိကအခန်းကဏ္ဍမှပါဝင်ပတ်သက်ခဲ့တဲ့ ဒမ်ဘီလီကို လူးဝစ်အင်းနရစ်က အထူးဂုဏ်ပြုချီးမွှမ်းခဲ့ပါတယ်။

အာဆင်နယ်ကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်အတွက် အသင်းလူစာရင်းမှထွက်ခွာခဲ့ရပြီးနောက် ဒမ်ဘီလီက မယုံကြည်နိုင်စရာရလဒ်တွေကို ဖန်တီးပေးနိုင်ဖို့ သစ်လွင်တောက်ပတဲ့ခြေစွမ်းနဲ့အတူ ပြန်လာနိုင်ခဲ့ပါတယ်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း လူးဝစ်အင်းနရစ်က “ အသင်းတစ်ခုအဖြစ် ကျွန်တော်တို့က မယုံကြည်နိုင်လောက်စရာ ခံစစ်ပိုင်းခုခံကာကွယ်ပုံနည်းလမ်းတစ်ခုကို ပြသသွားခဲ့ပါတယ်။

လူတိုင်းလည်း ဘော်လွန်းဒီအော်ဆုအကြောင်း ပြောနေကြပါပြီ။ ကျွန်တော်ကတော့ အူစမာဒမ်ဘီလီရဲ့ခံစစ်ကစားပုံတွေကြောင့် ဒီဆုကို သူ့ဆီပဲ ပေးအပ်လိုက်ချင်ပါတယ်။ ဖိအားပေးမှုအပိုင်းမှာဆိုရင်လည်း သူက စံပြကစားသမားတစ်ဦးဖြစ်ပါတယ်။ ဖိုင်နယ်မှာလည်း သူ ထူးထူးခြားခြားစွမ်းဆောင်ပြခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးတွေနဲ့တင် ဒီဆုကို ထိုက်တန်နေပြီဖြစ်ပေမယ့် အထူးသဖြင့် သူ့ရဲ့ခံစစ်ကစားပုံနည်းလမ်းတွေကြောင့် ပိုပြီးတော့တောင် ထိုက်တန်လာပါတယ်။

ကျွန်တော်တို့က အရမ်းအဆင့်မြင့်တဲ့စွမ်းဆောင်ရည်အချို့ကို ချပြနိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ အောင်ပွဲခံကြရပါမယ်”လို့ ပြောပါတယ်။ လူးဝစ်အင်းနရစ်က ပြီးခဲ့တဲ့ဇူလိုင်လမှာမှ ပီအက်စ်ဂျီဆီ ရောက်ရှိလာခဲ့ပြီး တိုက်စစ်ကြယ်ပွင့်အမ်ဘာပေရဲ့ ရီးရဲလ်မက်ဒရစ်ဆီ ထွက်ခွာသွားမှုနဲ့အတူ လူငယ်အသင်းတစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြပ်ပေးခဲ့ပါတယ်။
အခုအချိန်မှာတော့ အသက်-၅၅ နှစ်အရွယ်နည်းပြက ၂၀၁၅ ခုနှစ်၊ ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားသုံးလုံးအောင်ပွဲရယူပြီးနောက် သူ့ရဲ့နည်းပြသက်တမ်းတလျှောက် ဒုတိယမြောက်Trebleမှတ်တမ်းကို ဆက်လက်ဖန်တီးနိုင်ခဲ့ပါပြီ။ 

မာဆေးလ်ရဲ့ ၁၉၉၃ခုနှစ် ချန်ပီယံလိဂ်အောင်ပွဲအပြီး ပြင်သစ်ကလပ်အသင်းတစ်ခုရဲ့ ဒုတိယမြောက်ဥရောပထိပ်တန်းအောင်ပွဲတစ်ခု ဖြစ်သလို ပီအက်စ်ဂျီအသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခြင်းဖြစ်လို့ အီဖယ်လ်တာဝါကြီးကိုတောင် ပီအက်စ်ဂျီအသင်းရဲ့အထိမ်းအမှတ်အရောင်ဖြစ်တဲ့ အနီအပြာရောင်စုံမီးတွေ ထွန်းညှိထားခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ ပထမဆုံးနေ့ရက်မှာတင် အရေးပါတဲ့ဆုဖလားတွေ အရယူချင်တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ပါရီမြေဆီလည်း ချန်ပီယံလိဂ်ဆုဖလား မရောက်ရှိလာဖူးပါဘူး။
ဒါကို ကျွန်တော်တို့တွေ ပထမဆုံးအကြိမ်လုပ်ပြနိုင်ခဲ့တာပါ။ လူတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ ခံစားချက်မျိုးက အရမ်းကောင်းပါတယ်။

ဒီပြိုင်ပွဲမှာ တစ်ကြိမ်တစ်ခါမှ ဆုဖလားအနိုင်မရရှိခဲ့ဖူးတဲ့ ကလပ်အသင်းတစ်ခုအတွက် ဖိအားတွေကို လျှော့ချနိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ အင်တာမီလန်ဆိုတာလည်း အသင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ဖိအားပေးမှုတွေကလည်း လက်ဖျားခါလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။ အခုဘောလုံးရာသီမှာ ကစားသမားတိုင်း တိုးတက်လာသလို အသင်းလည်း တိုးတက်လာခဲ့ပါတယ်။

နည်းပြတစ်ဦးအဖြစ် ဒီကစားသမားတွေရဲ့စိတ်ခံစားမှုပိုင်းကို ထိန်းချုပ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ကစားသမားတွေကို ကူညီပေးနိုင်ရန်အလို့ငှာ ဖိအားတွေကို ကိုင်တွယ်နိုင်ဖို့လည်း လိုအပ်ပါတယ်။ စိတ်လှုပ်ရှားမှုတွေကို မှန်မှန်ကန်ကန်နေရာချပြီး လိုအပ်တဲ့တည်ငြိမ်မှုမျိုးနဲ့ ဗိုလ်လုပွဲအတွက် ပြင်ဆင်ခဲ့ပါတယ်။ အခုတော့ ပါရီမြေဆီ ဆုဖလားကို သယ်ဆောင်နိုင်ပြီဖြစ်လို့ ကျွန်တော်တို့ ပျော်ရွှင်နိုင်ပါပြီ။

ကျွန်တော်တို့တွေ အခုပွဲစဉ်ကို အကောင်းဆုံးစတင်နိုင်ပြီး ပွဲအစပိုင်းမှာတင် လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က သေချာပေါက်နိုင်ပွဲရရှိဖို့ သူတို့ကို ဆက်လက်တွန်းအားပေးရင်း ဂိုးတွေ သွင်းယူဖို့ အလိုရှိခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။