
ရီးရဲလ်အသင်းကိုအနိုင်ယူခဲ့တဲ့ အာဆင်နယ်ရဲ့ခြေစွမ်းကို ချီးကျူးလိုက်တဲ့ အင်းနရစ်
ပီအက်စ်ဂျီနည်းပြ အင်းနရစ်က ရီးရဲလ်အသင်းကိုအနိုင်ယူပြီးနောက် အာဆင်နယ်အသင်းဟာ ဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အာဆင်နယ်ဟာ ရီးရဲလ်ကို ၂ ကျော့ပေါင်းရလဒ် ၅-၁ နဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ် နဲ့ ပီအက်စ်ဂျီတို့ဟာ အောက်တိုဘာတုန်းက တွေ့ဆုံခဲ့တာဖြစ်ပြီး အာဆင်နယ်က ၂-၀ နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။
အဲ့နောက်ပိုင်းမှာ ပီအက်စ်ဂျီက ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး လီဗာပူး နဲ့ အက်စ်တွန်ဗီလာတို့ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့်အပေါ် အင်းနရစ်က “နိုး ၊ ကောင်းပါပြီ။ အဲ့တာက အကျိုးရှိတာလား ဒါမှဟုတ် အကျိုးမရှိတာလား။ အဲ့တာက ယေဘုယျအားဖြင့် သာမန်အင်္ဂလိပ်အသင်းတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လီဗာပူးကော အာဆင်နယ်ကိုပါ ရင်ဆိုင်ထားပြီးသလို ဗီလာနဲ့လည်း ရင်ဆိုင်ထားပြီးပါပြီ။
အခုလည်း အာဆင်နယ်နဲ့ နောက်တစ်ကြိမ်ရင်ဆိုင်ပါမယ်။ အာဆင်နယ်က ရီးရဲလ်လိုအသင်းကိုတောင် အနိုင်ယူထားနိုင်တဲ့အသင်းပါ။ သူတို့က ဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါ။ အာတီတာလက်အောက်မှာ သူတို့က အများကြီးတိုးတက်လာတဲ့အသင်းဖြစ်သလို စွမ်းဆောင်ရည်ကောင်းတွေလည်းပြသထားနိုင်ပါတယ်”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ဗီလာကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတာဖြစ်ပြီး ဒုတိယအကျော့မှာ ဗီလာကို အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဗီလာကို အရေးနိမ့်ခဲ့ပေမယ့်လည်း အင်းနရစ်က အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို သဘောကျနေပါတယ်။ “ကျွန်တော့်ကစားသမားတွေရဲ့အာရုံစိုက်မှု ၊ အပြုအမူကို ကြိုက်ပါတယ်။ သူတို့အမှားတစ်ချို့လုပ်ပေမယ့် ပွဲတွေမှာက ဒီလိုအမှားတွေဖြစ်တတ်ပါတယ်။ တိုးတက်လာတွေလည်း ရှိပါတယ်။ ကျွန်တော် မြင်ခဲ့ရတာတွေ ၊ အပေါင်းလက္ခဏာဆောင်တာတွေရှိပါတယ်။ ပြိုင်ဘက်ကို အမြဲတမ်းအနိုင်ယူဖို့ဆိုတာက မလွယ်ပါဘူး။ အာဆင်နယ်က ချန်ပီယံလိဂ်ရဲ့အကောင်းဆုံးအသင်းဖြစ်သလို ဗိုလ်စွဲဖို့လည်း ရေပန်းစားတဲ့အသင်းပါ။ ပီအက်စ်ဂျီကို မယုံတဲ့သူတွေရှိပါတယ်။ ကျွန်တော်တို့ကလည်း ဒီဖလားရနိုင်ချေရှိတဲ့အသင်း ၄ သင်းထဲက ၁ သင်းပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရာသီတစ်လျှောက်အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် အခုအဆင့်က အရေးကြီးပါတယ်။ ကျွန်တော်တို့ နောက်ဆုံး ၄ နှစ်မှာ အခုအဆင့်ကို တက်ရောက်ထားနိုင်ပါတယ်။ အခုလည်း နောက်တစ်ကြိမ်တက်ရောက်ထားနိုင်ပါပြီ။ အပေါင်းလက္ခဏာဆောင်တာတွေရှိခဲ့သလို မြင်လည်းမြင်ခဲ့ရပါတယ်။ ကျွန်တော်တို့ သေချာလေးလုပ်ဆောင်ဖို့ပဲ လိုအပ်တာပါ”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီအနေနဲ့ အာဆင်နယ်နဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် လီဂူးဝမ်းဘက်ကို အာရုံစိုက်ရမှာဖြစ်ပြီး အခုလအစောပိုင်းတုန်းက ၄ ကြိမ်ဆက် ချန်ပီယံဆုကိုတော့ ရယူထားနိုင်ပါတယ်။