
မေဂျာလိဂ်ကိုပြောင်းရွှေ့ရတဲ့အပေါ် ထုတ်ဖော်ပြောကြားလာတဲ့ ရီးရဲလ်စတားဟောင်း
ရီးရဲလ် နဲ့ တော့တင်ဟမ်ဂန္ထဝင်ဟောင်း ဂါရတ်ဘေးလ်က ဥရောပအသင်းတွေအနေနဲ့ ကစားသမားတွေကို လစာပိုပေးသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ဘေးလ်ဟာ ၂၀၂၂ တုန်းက မေဂျာလိဂ်ဆုဖလားကို လော့စ်အိန်ဂျလိစ်အသင်းနဲ့အတူ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဝေးလ်သားဟောင်းက ဥရောပအသင်းတွေအနေနဲ့ ကစားသမားတွေကို လုပ်ခလစာများများပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
“ကံမကောင်းစွာနဲ့ ကစားသမားတော်တော်များများက သူတို့ကစားသမားဘဝအဆုံးသတ်ခါနီးရင် ဒီကိုလာရပါတယ်။ ကျွန်တော်လည်းအတူတူပါပဲ။ ဒါပေမယ့် ကျွန်တော်ဒီမှာရှိခဲ့ရတဲ့အချိန်တွေကို တကယ်နှစ်သက်ပါတယ်။ ကျွန်တော်ဒီကိုအစောပိုင်းကတည်းက လာဖို့ဆန္ဒရှိခဲ့တာပါ။ ဒါပေမယ့် ဥရောပဘက်က လုပ်ခလစာအများအပြားနဲ့ကမ်းလှမ်းလာမယ်ဆိုရင် ခင်ဗျားအနေနဲ့ ဒီကိုလာစရာမလိုလောက်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ အဲ့လိုလုပ်နေရသလို အဲ့လိုလုပ်ရတာကိုလည်း ချစ်မြတ်နိုးနေကြပါတယ်။ ဒါပေမယ့် အဲ့တာက တကယ်တော့ အလားအလာရှိတာမဟုတ်ပါဘူး။ ကစားသမားဘဝအဆုံးသတ်ခါနီးအလုပ်တစ်ခုပါပဲ”လို့ ဘေးလ်က ပြောကြားခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ်အသင်းနဲ့အတူ ဘေးလ်ဟာ ကစားသမားဘဝနောက်ဆုံးအဖြစ်ပါဝင်ကစားခဲ့ပြီး ၁၂ ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘေးလ်က မေဂျာလိဂ်အနေနဲ့ ကစားသမားတွေအပေါ်မှာ ပိုရင်းနှီးမြုပ်နှံမယ်ဆိုရင် နာမည်ကျော်တွေပိုလာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
“တကယ်လို့ မေဂျာလိဂ်က ကစားသမားတွေကိုပိုပေးမယ်ဆိုရင် နာမည်ကျော်တွေကို ပိုဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့မှာ မြို့တွေ ၊ ကွင်းတွေအပြင် ပရိသတ်အင်အားပါရှိနေပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဲ့တာတွေမဖြစ်လာသေးပါဘူး။ ကျွန်တော် အယ်လ်အေမှာရှိရတဲ့အချိန်တွေကို ချစ်မြတ်နိုးပါတယ်။ ကျွန်တော် မတူညီတဲ့မြို့တွေကိုသွားရတာ ချစ်မြတ်နိုးပါတယ်။ နယူးယောက်သွားရပြီး အယ်လ်အေမှာကစားရတာ တက္ကဆက်ကိုသွားရတာလည်း ကြိုက်ပါတယ်။ ဒီမှာရှိတဲ့မြို့တွေမှာနေရတာ တကယ့်အံ့ဖွယ်ပါ။ ကျွန်တော့်အတွက်ကော ကျွန်တော့်မိသားစုဝင်တွေပါဒီမှာနေရတာ အဆင်ပြေပါတယ်”လို့ ဘေးလ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၂၃ ဇန်နဝါရီမှာကစားသမားဘဝကနေ အနားယူပြီးကတည်းက ဘေးလ်ဟာ ဂေါ့ဖ်လောကဘက်ကို အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဝေးလ်အသင်းခေါင်းဆောင်ဟောင်းက AT&T Pebble Beach Pro-Am အဖွဲ့မှာ ပါဝင်နေပြီး ပါတနာ တိုင်လာမိတ်နဲ့အတူ ဂေါ့ဖ်လောကကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။