
အလွန်ဆိုအနေနဲ့ လီဗာပူးထက် ဘိုင်ယန်မြူးနစ်ကို ပိုရွေးချယ်သင့်တယ်လို့ ဆိုလာတဲ့ လိုသာမားသီးရက်စ်
ဂျာမန်ဘောလုံးလောကရဲ့ ဂန္ထဝင်ပုဂ္ဂိုလ် လိုသာမားသီးရက်စ်က ဇာဘီအလွန်ဆိုအတွက် ဘိုင်ယန်မြူးနစ်က လီဗာပူးထက်ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်တယ်လို့ အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။
လေဗာကူဆင်နဲ့အတူ အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်တွေကို ပြသလမ်းညွှန်ထားနိုင်တဲ့ အလွန်ဆိုဟာ ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီး ယခုအခါ လက်ရှိအဓိက လိဂ်ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ကလည်း စပိန်သားဘက်ကို မြားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာ လေဗာကူဆင်ဟာ ၈ မှတ်ဖြတ်ကာ ထိပ်ဆုံးမှာရပ်တည်နေပြီး မကြာသေးမီကလည်း ချန်ပီယံဟောင်း ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးပြတ်အနိုင်ယူထားတာဖြစ်ပါတယ်။
လေဗာကူဆင်ကို ရှုံးနိမ့်ပြီးနောက် လာဇီယိုနဲ့ ဘိုချမ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ရာသီကုန်မှာအသင်းနည်းပြ သောမတ်စ်တူချယ်ကို ထုတ်ပယ်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ဟာ တူချယ်ရဲ့နေရာမှာ အလွန်ဆိုကို အစားထိုးဖို့အတွက် ရည်ရွယ်ထားပြီး လီဗာပူးကလည်း ကလော့ပ်ရဲ့နေရာအတွက် အလွန်ဆိုကို လျာထားတာဖြစ်ပါတယ်။
အလွန်ဆိုကလည်း လီဗာပူးနဲ့ ဘိုင်ယန် နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတာကြောင့် ဘယ်အသင်းကို ပြောင်းရွှေ့ဖို့ အလားအလာပိုများလဲဆိုတာ ခန့်မှန်းဖို့ခက်ခဲနေပါတယ်။ ယခုအခါမှာတော့ လိုသာမားသီးရက်စ်က အလွန်ဆိုအနေနဲ့ တူချယ်လ်လက်အောက်မှာ ရုန်းကန်နေရတဲ့ ဘိုင်ယန်ကို တာဝန်ယူခြင်းက တိုးတက်မှုတွေ တောက်လျှောက်ပြုလုပ်ထားနိုင်တဲ့ ကလော့ပ်လက်အောက်က လီဗာပူးကို တာဝန်ယူခြင်းထက် ပိုမိုသင့်တော်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဘိုင်ယန်နဲ့ ဂျာမန်ဂန္ထဝင်က "ဇာဘီအလွန်ဆိုကို စိတ်ဝင်စားကြတာက မထူးဆန်းပါဘူး။ သူ့ကိုဂရုမစိုက်ကြရင် မှားမှာပေါ့။ ဒါပေမယ့် သူ့အနေနဲ့ မြူးနစ်ကို တာဝန်ယူတာက အခြေအနေကောင်းနေတဲ့ လီဗာပူးကို တာဝန်ယူတာထက်ပို သင့်တော်ပါတယ်။ ရုန်းကန်နေရတဲ့ တူချယ်လ်ရဲ့နေရာက လူရိုသေလေးစားပြီး ပေါ်ပြူလာဖြစ်နေတဲ့ ကလော့ပ်ရဲ့နေရာထက် ပိုပြီး ဖိအားကင်းပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။
သို့သော်လည်း ဘိုင်ယန်က တူချယ်ကို ရာသီမကုန်ခင်မှာပဲ ထုတ်ပယ်နိုင်ချေရှိတာကြောင့် အခြေအနေတွေက ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ မက်သယူးက သုံးသပ်ထားပါတယ်။ ဘိုင်ယန်အနေနဲ့ နွေရာသီမတိုင်ခင် ချဲလ်ဆီးနည်းပြဟောင်းကို ထုတ်ပယ်နိုင်တဲ့အလားအလာနဲ့ပတ်သက်ပြီး လိုသာမားသီးယက်စ်က "ဒါက နှစ်ဖက်စလုံးအတွက် သင့်တော်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ အကြောင်းပြချက်တွေလည်း ထပ်ရှိစရာမလိုတော့ပါဘူး။ ဒါပေမယ့် မထုတ်ပယ်ဘူးဆိုရင်လည်း အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ပြသနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒါက အသင်းရဲ့တာဝန်ပါပဲ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။