နိုင်ငံအသင်းဖော်ဘက်ကနေ ရပ်တည်လိုက်တဲ့ လီဗာပူးစတား အလစ္စတာ
လီဗာပူးကွင်းလယ်လူ မက်စ်အလစ္စတာက အာဂျင်တီးနားအသင်းဖော် အန်ဇိုဟာ လူမျိုးရေးခွဲခြားတတ်တဲ့သူမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပေမယ့် သူ့အနေနဲ့ အခုလိုမျိုးလူမျိုးရေးပြဿနာတွေမှာ အရမ်းဂရုစိုက်ဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဖာနန်ဒက်ဇ်ဟာ ကိုပါဖိုင်နယ်မှာ ကိုလံဘီယာကိုအနိုင်ရပြီးနောက် အာဂျင်တီးနားအသင်းဖော်တွေနဲ့ Live မှာ ပြင်သစ်ကစားသမားတွေအကြောင်း လူမျိုးရေးခွဲခြားတဲ့သီချင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ အက်ဖ်အေကတော့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းမှုစတင်နေကာ ချဲလ်ဆီး ကစားသမားတော်တော်များများက အန်ဇိုရဲ့လုပ်ရပ်ကို ရှုတ်ချနေကြပါတယ်။
အသက် ၂၃ နှစ်သားကတော့ သူ့အပြုအမူနဲ့ပတ်သက်ပြီး လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ဟာ အာဂျင်တီးနားအသင်းဆုဖလား ရယူနိုင်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့တာဖြစ်ပြီး နိုင်ငံအသင်းဖော်တွေကတော့ သူ့ဘက်ကနေ ရပ်တည်ခဲ့ကြပါတယ်။ အလစ္စတာကလည်း အဆိုပါအသင်းဖော်တွေထဲကတစ်ဦးဖြစ်ပြီး မက်ဆီ နဲ့ မာတီနက်ဇ်တို့ကလည်း အန်ဇိုဘက်ကနေ ကာကွယ်ပြောကြားခဲ့ပါတယ်။
လီဗာပူးစတားက အန်ဇိုရဲ့အခြေအနေနဲ့ပတ်သက်ပြီး “ခင်ဗျားအနေနဲ့ ဘာပြောလဲဆိုတာကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဥရောပမှာက အဲ့လိုကိစ္စတွေ အရမ်းကို အထိခိုက်မခံပါဘူး။ အမှန်တရားကိုပြောရရင် ကျွန်တော်တို့က လူမျိုးရေးခွဲခြားတတ်တဲ့သူတွေမဟုတ်ပါဘူး။ အဲ့လိုမျိုးလည်းမပြောတတ်ပါဘူး။ မှန်ပါတယ်။ အဲ့တာက အရမ်းကိုအရေးကြီးတဲ့ခေါင်းစဉ်ပါ။ အန်ဇိုက အဲ့အတွက်တောင်းပန်ပြီးသလို ဘာဖြစ်လဲဆိုတာ ရှင်းပြပြီးပါပြီ။ အများကြီးပြောစရာမလိုဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ အန်ဇိုအကြောင်းသိပါတယ်။ သူ့မှာ ဆိုးဝါးတဲ့ရည်ရွယ်ချက်မရှိပါဘူး။ သူက အဲ့လိုလူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ပြောသလို သူ့အနေနဲ့ ဒီလိုအရာတွေကို အရမ်းဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒီအရာတွေက အရမ်းကိုမှအရေးကြီးတဲ့အရာတွေပါ”လို့ အလစ္စတာက ပြောကြားခဲ့ပါတယ်။
အဆိုပါလူမျိုးရေးခွဲခြားမှု သံပြိုင်သီဆိုမှုဟာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားပရိသတ်တွေ စတင်ခဲ့တာဖြစ်ပြီး ပြင်သစ်ကစားသမားတွေကို အန်ဂိုလာကဖြစ်တယ်ဆိုတာကို ရည်ညွှန်းထားတာဖြစ်ပါတယ်။