The network connection is lost.

Banner Image

ချဲလ်ကစားသမားဘ၀ပွဲဦးထွက်မှာတင် အစွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမားမာတီနက်ဇ်ကို အလွန်ဆို ချီးကျူးဂုဏ်ပြု

ချဲလ်ဆီးနည်းပြဇာဘီအလွန်ဆိုက ဘရိုက်တန်ကို ၄-၃ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အတွင်း ဂိုးသမားမာတီနက်ဇ်ရဲ့ စိတ်လှုပ်ရှားစရာပွဲဦးထွက်စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ကစားသမားက အက်စတွန်ဗီလာမှ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ သုံးနှစ်စာချုပ်ဖြင့် ရောက်ရှိလာပြီး အနောက်လန်ဒန်အရပ်မှာ ချက်ချင်းဆိုသလို ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

ဒီလိုပွဲဦးထွက်မှာပဲ မာတီနက်ဇ်က ချဲလ်ဆီးအတွက် သုံးမှတ်တန်နိုင်ပွဲတစ်ခု ဖြစ်လာစေဖို့အတွက် လျှင်မြန်လှတဲ့ ဂိုးပေါက်ကာကွယ်မှု အများအပြားကို ပြုလုပ်ပေးခဲ့ပါတယ်။

အလွန်ဆိုကတော့ ဂိုးသမားသစ်ရဲ့ချက်ချင်းဆိုသလိုလက်စွမ်းပြနိုင်မှုအပေါ် ဝမ်းမြောက်နေပြီး မာတီနက်ဇ်ရဲ့အတွေ့အကြုံတွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ရာသီတလျှောက်လုံးအတွက် တန်ဖိုးရှိလာမယ့်အရာတွေလို့ ယုံကြည်နေပါတယ်။

"မာတီနက်ဇ်က ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီး အသက် ၃၃ နှစ် ရှိပါပြီ။ အတွေ့အကြုံလည်း အရမ်းများပြားပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာ ကျွန်တော်နဲ့ သူ စကားပြောခဲ့ပြီး လာမယ့်ပွဲစဉ်နဲ့ ကျွန်တော်တို့အသင်းအကြောင်း ဆွေးနွေးခဲ့ကြပါတယ်" လို့ အလွန်ဆိုက ကလပ်အသင်းဝက်ဘ်ဆိုဒ်ဆီ ပြောပါတယ်။

"သူအဆင်သင့်ဖြစ်နေတယ်လို့ ခံစားခဲ့ရပြီး သူ့ရဲ့လက်စွမ်းပြသနိုင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင်တောင် အများကြီးပြောနေစရာ မလိုပါဘူး။

ဒီနေ့မှာတော့ ဂိုးသမားတစ်ဦးအတွက် ဂိုးမပေးရအောင် ကစားချင်ပေမဲ့လည်း သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကို ကျွန်တော် ကျေနပ်မိပါတယ်။ သူက အသင်းဆီ ရောက်ရှိလာတာ ၄၈ နာရီပဲ ရှိပါသေးတယ်။ ဒါကြောင့် လာမယ့်ပွဲစဉ်အတွက် ပြင်ဆင်ဖို့ဆိုတာ ဒီသီတင်းပတ်တစ်ခုလုံးစာ အချိန်ရပါတယ်။

တစ်နေ့ပြီးတစ်နေ့ သူ့ရဲ့တည်ရှိနေမှုကို ကျွန်တော်တို့ ပိုမိုခံစားလာရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ဆွဲဆောင်မှုအပြည့်ရှိသလို အသင်းဖော်တွေအပေါ် လွှမ်းမိုးနိုင်စွမ်းနဲ့ အပြုသဘောဆောင်တဲ့ချိတ်ဆက်မှုမျိုး ရှိနေလို့ပါပဲ"လို့ ချဲလ်ဆီးနည်းပြက ဆိုပါတယ်။