The network connection is lost.

Banner Image

အဲလီးယော့အတွက်ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀ သတ်မှတ်ထားတဲ့ လီဗာပူး

လီဗာပူးဟာ ယခုနွေရာသီအတွင်း အင်္ဂလန်ယူ-၂၁ အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ်ဖလားကို ဆွတ်ခူးထားနိုင်တဲ့ အသင်းရဲ့ကြယ်ပွင့်ကစားသမား ဟာဗေးအဲလီးယော့ကို အသင်းမှရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ သတ်မှတ်ထားတယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ ယူ-၂၁ ယူရိုပြိုင်ပွဲမှာ အဲလီးယော့ဟာ အင်္ဂလန်အတွက် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါ့အပြင် ကစားသမားဟာ ဂျာမနီကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာလည်း အသင်းအတွက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

အဲလီးယော့အနေနဲ့ တောက်ပတဲ့ခြေစွမ်းတွေကို ဆက်တိုက်ပြသနေသလို၊ ယူ-၂၁ အသင်းနဲ့ပါ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့် လီဗာပူးမှာတော့ ပုံမှန်နေရာရဖို့ ဆက်လက်ရုန်းကန်သွားရဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ပေမယ့် အဲလီးယော့အတွက်တော့ ကောင်းမွန်တဲ့ရာသီတစ်ခုမဟုတ်ခဲ့ဘဲ ကစားသမားဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားခဲ့ရပါတယ်။ 

ဒါကြောင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာတော့ အဲလီးယော့တစ်ယောက် လီဗာပူးမှထွက်ခွာပြီး အသင်းသစ်သို့ပြောင်းရွှေ့ဖို့ စိတ်ကူးထားတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ talkSPORT သတင်းဌာနရဲ့အဆိုအရ လီဗာပူးအနေနဲ့လည်း အဲလီးယော့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ရရှိပါက ရောင်းချဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ 

လက်ရှိအချိန်မှာတော့ အဲလီးယော့ကို ဂျာမန်ကလပ်လိုက်ပ်ဇစ်နဲ့ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်တို့က ချိတ်ဆက်မှုတွေပြုလုပ်နေပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ နီးစပ်နေပြီလို့ဆိုပါတယ်။ အဲလီးယော့နဲ့ပတ်သက်ပြီး မန်ချက်စတာစီးတီးနဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း မီကာရစ်ချက်ကတော့ "ကျွန်တော်သာ လီဗာပူးမှာတာဝန်ရှိသူဖြစ်ရင် အဲလီးယော့ကို ရောင်းမှာမဟုတ်ပါဘူး။ အဲလီးယော့က တစ်ချိန်ကမန်စီးတီးပိုင်ဆိုင်ခဲ့တဲ့ ကိုးလ်ပယ်လ်မာလို ကစားသမားမျိုးပါ။ အဲဒီတုန်းက မန်စီးတီက ဖိုဒန်နဲ့ ဒီဘရိုင်းတို့လို ကစားသမားကောင်းတွေပိုင်ဆိုင်ထားလို့ ပယ်လ်မာကို စွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးအနေနဲ့ အဲလီးယော့ကို ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းကောင်းတစ်သင်းဆီ အငှားချတာမျိုးတော့ လုပ်လို့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်ကာကလည်း "ဒီနွေရာသီမှာ လီဗာပူးကနေထွက်ခွာမယ်ဆိုတဲ့ အဲလီးယော့ရဲ့ဆုံးဖြတ်ချက်က စိတ်ဝင်စားစရာပါ။ လီဗာပူးကလည်း ဖလော်ရီယန်ဝစ်ဇ်လို ကစားသမားကို အသင်းမှာခေါ်ယူထားပါတယ်။ ပြီးခဲ့တဲ့ ယူရိုမှာ အဲလီးယော့က အတော်လေးထွန်းတောက်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကိုခေါ်ချင်တဲ့အသင်းတွေက အများကြီးရှိနေမှာပါ" လို့ပြောကြားခဲ့ပါတယ်။