
The network connection is lost.

ဒီနေ့မနက်ပိုင်း၊ အန်ဖီးလ်ကွင်းမှာ လူတန်တောင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် လီဗာပူးကပ္ပတိန်ဗန်ဒိုက်က ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း လူတန်တောင်းက အော့ဂျ်ဘီနီရဲ့သွင်းဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာ လီဗာပူးအတွက် ဗန်ဒိုက်၊ ဂတ်ပို၊ ဒီယက်ဇ်နဲ့ အယ်လီယော့တို့က အဖိုးတန်သွင်းဂိုးတွေကို ရှာဖွေပေးကာ အိမ်ကွင်းနိုင်ပွဲကို ဖန်တီးပေးခဲ့ပါတယ်။
ဗန်ဒိုက်က “အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်။ ပထမပိုင်းပွဲချိန်တွေမှာ အခွင့်အရေးတွေ အများကြီး ရရှိခဲ့ပေမယ့် ကျွန်တော်တို့တွေ အဆုံးမသတ်နိုင်ခဲ့ဘူးလို့ ယူဆမိပါတယ်။ ဒီပွဲက အမှတ်တရဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလွတ်တည်ကန်ဘောတွေနဲ့ပတ်သက်လို့ ခံစစ်ကစားချိန်သာမက တိုက်စစ်ကစားချိန်မှာလည်း အရေးပါဖို့ ကြိုးစားခဲ့ပါတယ်။ ဂိုးဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ်ရှိနေချိန် ကျွန်တော့်ဆီ ဘောလုံးရောက်မလာတဲ့ အခိုက်အတန့်အနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်သွင်းယူခဲ့တဲ့ ချေပဂိုးကလည်း ကောင်းမွန်တဲ့သွင်းဂိုးဖြစ်ပါတယ်”
“ပထမပိုင်း ပွဲချိန်အပြီး ဘယ်သူကမှ စိတ်ကျေနပ်မှုမရှိခဲ့ပါဘူး။ ကျွန်တော်တို့တွေ ပြိုင်ဘက်ခံစစ်ဇုန်ထဲအထိ ဝင်ရောက်ခဲ့ပေမယ့် မှန်ကန်တဲ့ပေးပို့မှု မလုပ်နိုင်ခဲ့ဘူး။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ချိန် တိုက်စစ်ပိုင်းမှာ စိတ်ရှုပ်လာရတယ်ဆိုတာ ပုံမှန်အခြေအနေတစ်ခုပါပဲ။ ဒီနေ့မှာပြသခဲ့တဲ့ တုံ့ပြန်မှုတွေကတော့ ပြောင်မြောက်လွန်းခဲ့ပြီး ရာသီလက်ကျန်ကာလတွေအတွက် ကျွန်တော်တို့ လိုအပ်နေတဲ့ အရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီနေ့နိုင်ပွဲကတော့ ကြီးမားလွန်းပါတယ်။ ပွဲစတင်ချိန်ကတည်းက အနိုင်ရလဒ် ဖော်ဆောင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင်လည်း ကြိုးစားခဲ့ပါတယ်။ ဒါကပဲ တည်ငြိမ်နေဖို့အတွက် အဓိကသော့ချက်ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ လူတန်တောင်းကလည်း အသင်းကောင်း တစ်ခုဖြစ်ပြီး ဘောလုံးကို စွန့်စားမှုအချို့နဲ့အတူ ကစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုပြန်ရရှိချိန်မှာ သူတို့ရဲ့အမှားတွေကို အသုံးချနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ ခြုံပြောရရင်တော့ အရမ်းကောင်းတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပြီး အခုသီတင်းပတ်ကုန်ပွဲစဉ်အတွက် အာရုံစိုက်ရမယ့်အချိန် ရောက်လာပါပြီ”လို့ ပြောပါတယ်။