The network connection is lost.

Banner Image

ဘုန်းမောက်နဲ့ပွဲစဉ်အပြီး ဖရင်းပေါင်ရဲ့နောက်ဆုံးအခြေအနေအကြောင်း ရှင်းပြလာတဲ့ အန်းစလော့

ဘုန်းမောက်ကို အနိုင်ရရှိခဲ့တဲ့ လီဗာပူးရဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အတွင်း အန်းစလော့က ဖရင်းပေါင်ကို စိတ်ခုစရာတံကောက်ကြောပြဿနာတစ်ခုနဲ့အတူ လူစားလဲလှယ်ခဲ့တယ်လို့ ထုတ်ပြောလာပါတယ်။ အခုနွေရာသီ၊ လေဗာကူဆင်မှ လီဗာပူးဆီ ရောက်ရှိလာတဲ့ နောက်ခံအစွန်လူက မာဆေးဆိုဒ်မှာ ပုံမှန်နေရာ အလျှင်အမြန်ရရှိကာ ဒီနေ့မနက်ပိုင်း၊ သူ့ရဲ့ပရီးမီးယားလိဂ်ပွဲဦးထွက်မတိုင်ခင် ကွန်မြူနတီဒိုင်းပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အန်းစလော့က သူ့ကို ပွဲကစားချိန်တစ်နာရီဝန်းကျင်မှာ ကာကက်ဇ်နဲ့အတူ လူစားလဲလှယ်ခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးနေရာမှာ အန်ဒိုနဲ့ ရော်ဘတ်ဆန်တို့ လူစားလဲပါဝင်ကစားခဲ့ပါတယ်။ ဒီလိုလူစားလဲလှယ်မှုတွေအပြီး ဆီမန်ညိုက ကောင်းမွန်လှတဲ့ တန်ပြန်တိုက်စစ်ဆင်မှုနဲ့အတူ ချေပဂိုးတွေ သွင်းယူသွားခဲ့လို့ တဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ အိမ်ရှင်လီဗာပူးအတွက် အနိုင်ရလဒ်ရရှိစေမယ့်သွင်းဂိုးတွေကို ချီယေဆာနဲ့ မိုဆာလက်တို့က ဆက်လက်သွင်းယူပေးခဲ့ပါတယ်။ ပွဲစဉ်ပြီးဆုံးချိန် အန်းစလော့က နောက်ခံအစွန်လူနှစ်ဦးလုံးကို ဘာကြောင့်လူစားလဲလှယ်ခဲ့သလဲဆိုတာ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက “ ရွေးချယ်နေလို့ရတဲ့အခြေအနေမျိုး မဟုတ်ပါဘူး။ ဖရင်းပေါင်က ပြေးလွှားမှုတွေ အများကြီးပြုလုပ်ပြီး ပထမပိုင်းပွဲချိန်အပြီးမှာပဲ သူ့ရဲ့တံကောက်ကြောနေရာမှာ တစ်ခုခုခံစားလာရပါတယ်။ သူ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ခံစစ်ပိုင်းမှာ ဘရက်ဒလေကိုလည်း တံကောက်ကြောဒဏ်ရာနဲ့ဆုံးရှုံးထားရလို့ နောက်ထပ်ကစားသမားတစ်ဦးဆုံးရှုံးရမယ့်စွန့်စားမှုမျိုးကို မလုပ်ချင်ပါဘူး။ ဒီနေရာမှာ ခင်ဗျားတို့က ဂျိုးဂိုးမက်ဇ်ကို ဘာကြောင့်မသုံးတာလဲဆိုပြီး ငြင်းချက်ထုတ်နိုင်ပါတယ်။ ဂျိုးဂိုးမက်ဇ်က ရာသီကြိုလေ့ကျင့်ခန်းနှစ်ကြိမ်လောက်ပဲ လုပ်ထားရပြီး နာရီဝက်လောက်ပဲ ကစားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အန်ဒိုကို ရော်ဘတ်ဆန်နဲ့တွဲပြီး အသုံးပြုခဲ့တာပါ”လို့ ပြောပါတယ်။

အခုလကုန်ပိုင်းလောက်ဆိုရင်တော့ ဒရက်ဒလေပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တဖက်မှာလည်း ကာကက်ဇ်က လီဗာပူးကစားသမားဘဝ၊ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပေမယ့် ပွဲချိန်ပထမပိုင်းမှာတင် အဝါကတ်တစ်ကြိမ် ထိထားခဲ့ပါတယ်။ အန်းစလော့က ဆီမန်ညိုလိုကစားသမားနဲ့ရင်ဆိုင်ရချိန် ဟန်ဂေရီသား အနီကတ်ထိသွားမယ့်အလားအလာကို မမြင်တွေ့လိုဘူးလို့ ပြောခဲ့ပါတယ်။

အန်းစလော့က “ တစ်ဦးချင်းရင်ဆိုင်တွေ့ဆုံချိန်တိုင်း အစွမ်းကုန်ပေးဆပ်ကစားသွားတဲ့ ကာကက်ဇ်ကို ပရိသတ်တွေ အကြိုက်တွေ့လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဝါကတ်ထိထားချိန် ဆီမန်ညိုနဲ့ရင်ဆိုင်ရမယ်ဆိုရင် ဒါက အန္တရာယ်များပါတယ်။ ရော်ဘတ်ဆန်လည်း အရန်သင့်ရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီကစားသမားနှစ်ဦးလုံး အသင်းမှာ ရှိနေရခြင်း ဖြစ်ပါတယ်”လို့ ဆက်ပြောပါတယ်။