
လေဗာကူဆင်စတားကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ လီဗာပူးအသင်း
သတင်းတွေအရ လီဗာပူးအသင်းဟာ အာနိုးလ်နေရာအတွက် လေဗာကူဆင်စတား ဖရင်းပေါင်ကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အာနိုးလ်တစ်ယောက် အခုရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မှာဖြစ်ပြီး ဈေးကွက်ထဲမှာ ညာနောက်ခံလူအသစ်ကို အလျင်စလိုရှာဖွေခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၄ နှစ်သားဟာ အချို့အချိန်တွေကတည်းက လီဗာပူးအသင်းရေဒါထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ စာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း ၃၀ လောက်သာရှိနေတာကြောင့် အပြောင်းအရွှေ့က အလျင်အမြန်ဖြစ်လာခဲ့ပြီး အခုချိန်မှာ ဆေးစစ်မှုခံယူတော့မှာဖြစ်ပါတယ်။
ဖရင်းပေါင်ဟာ နည်းပြ အလွန်ဆိုလက်အောက်မှာ ညာတောင်ပံနောက်ခံလူအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရာသီအတွင်းမှာ ၂၈ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
အာနိုးလ်ကတော့ ရီးရဲလ်အသင်းထံပြောင်းရွှေ့မှာဖြစ်ပြီး သူ့နေရာမှာ ဘရက်ဒလေသာရှိနေပေမယ့် ဖရင်းပေါင်ကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဂိုမက်ဇ် နဲ့ ကွမ်ဆက်ချ်တို့ကလည်း ခံစစ်ဖြစ်ပေမယ့် ညာနောက်ခံလူဝင်ကစားခဲ့သလို ကာတစ်ကလည်း အဆိုပါနေရာမှာ ဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးအနေနဲ့ လာမယ့်ရာသီချန်ပီယံဆုကိုကာကွယ်ဖို့ လူအင်အားဖြည့်တင်းနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
စလော့ကတော့ လာမယ့်နွေမှာ ခံစစ်မှူး ၊ တိုက်စစ်မှူး နဲ့ ကွင်းလယ်လူတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ လီဗာပူးအသင်းဟာ ဖရင်းပေါင်အပြင် လေဗာကူဆင်အသင်းဖော် ဝီရက်ဇ်ကိုလည်း စိတ်ဝင်စားနေပါတယ်။ သတင်းတွေအရ လေဗာကူဆင် နဲ့ မန်စီးတီးတို့ကြား ဝီရက်ဇ်အတွက် သဘောတူညီမှုရရှိထားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဘရက်ဒလေက လီဗာပူးအသင်းနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးထားခဲ့ပြီးဖြစ်ကာ အာနိုးလ်နေရာအတွက် ရေရှည်မှာ အစားဝင်မှာဖြစ်ပါတယ်။