The network connection is lost.

Banner Image

ရလဒ်ဆိုးတွေကြုံတွေ့နေရချိန် စည်းလုံးကြဖို့ အသင်းဖော်တွေကို မက်ဆီတိုက်တွန်း

အင်တာမီယာမီ စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီက အသင်းအနေနဲ့ ရလဒ်ဆိုးတွေကြား ရုန်းကန်နေရချိန်မှာ စည်းစည်းလုံးလုံးရှိကြဖို့ အသင်းဖော်တွေကို တိုက်တွန်းလာခဲ့ပါတယ်။ ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမီယာမီဟာ အော်လန်ဒိုကို ၀-၃ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ယခုပွဲစဉ်မှာ မက်ဆီတစ်ယောက် ပွဲထွက်ပါဝင်ခဲ့ပေမယ့် သွင်းဂိုးတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ 

အင်တာမီယာမီဟာ မကြာသေးမီရက်သတ္တပတ်တွေမှာ ရလဒ်ဆိုးတွေတောက်လျှောက်ကြုံတွေ့နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၅ ပွဲအထိအရှုံးနိမ့်ခဲ့ကာ ဂိုး ၂၀ အထိ ခွင့်ပြုခဲ့ရပါတယ်။ ပွဲအပြီးမှာ မက်ဆီက "ကျွန်တော်တို့ ဆက်သွားဖို့လိုပါတယ်။ အခုက ခက်ခဲတဲ့ကာလပါ။ ဒါပေမယ့် ကျွန်တော်တို့ စည်းလုံးနေဖို့လိုပါတယ်။ အနိုင်ရတဲ့အချိန်တွေမှာ ဘယ်အရာမဆို လွယ်ကူပေမယ့် အခုလိုရှုံးနိမ့်နေချိန်မှာတော့ ကျွန်တော်တို့ ပိုစည်းလုံးရပါမယ်။ လာမယ့်ပွဲစဉ်အတွက် ကြိုးစဉ်းစားထားရပါတော့မယ်" လို့ပြောကြားခဲ့ပါတယ်။ 

အင်တာမီယာမီဟာ မေလ ၄ ရက်နေ့က နယူးယော့ခ်ရက်ဒ်ဘူးကို ၄-၁ နဲ့အနိုင်ရခဲ့ပြီးနောက်ပိုင်း ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး အာဂျင်တီးနား အသင်းခေါင်းဆောင်က "ဒီလိုရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့လိုပါတယ်။ ကလပ်ကမ္ဘာ့ဖလားမှာ ယှဉ်ပြိုင်ဖို့တတ်နိုင်သလောက် အကောင်းဆုံးကစားနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အင်တာမီယာမီနည်းပြ မာရှေယာနိုကလည်း "ကျွန်တော်တို့ ဒါကို အတူတူကျော်ဖြတ်သွားရမယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။ ဒီရှုံးပွဲတွေအတွက် ကျွန်တော့်မှာ အပြည့်အဝတာဝန်ရှိပါတယ်။ ကစးသမားတွေကို အပြစ်တင်သွားမှာမဟုတ်ပါဘူး။ ဘယ်သူကမှ ကွင်းထဲဝင်ပြီး ညံ့ဖျင်းတဲ့ခြေစွမ်းနဲ့ မကစားချင်ကြပါ။ ကစားသမားတိုင်းက သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းကို ပေးဆပ်ပြီး ကစားခဲ့ကြပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ အင်တာမီယာမီဟာ ဖီလာဒယ်လ်ဖီယာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြး အနိုင်ရလဒ်ကို တဖန်ပြန်လည်ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။