နေအိမ် ဖောက်ထွင်းခံရတဲ့အကြောင်း ပြန်လည်ပြောလာတဲ့ လင်ဒီလော့ဖ်ရဲ့ ဇနီး
ယူနိုက်တက်နောက်ခံလူ ဗစ်တာလင်ဒီလော့ဖ်ရဲ့ဇနီးဖြစ်သူ မာဂျာလင်ဒီလော့ဖ်က ပြီးခဲ့တဲ့လအတွင်း နေအိမ်ဖောက်ထွင်းခံရမှုက တကယ့်ကို စိတ်ရောကိုယ်ပါ ဒုက္ခရောက်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
အဲဒီညက ခင်ပွန်းဖြစ်သူ ဗင်တာလင်ဒီလော့ဖ်ဟာ ယူနိုက်တက်အသင်းနဲ့အတူ ရှိနေခဲ့တာဖြစ်ပြီး အသင်းက ဘရန့်ဖို့ဒ်နဲ့ ကစားချိန်မှာ သူ့အိမ် ဖောက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ မာဂျာရဲ့လျှပ်တစ်ပြတ်အတွေးတွေကြောင့် သူဟာ ကလေးတွေကို ကာကွယ်နိုင်ခဲ့သလို ဖောက်ထွင်းသူခိုးတွေနဲ့ အချင်းများတာမျိုး ရှောင်လွှဲနိုင်ခဲ့ပါတယ်။
''ဖြစ်ရပ်နဲ့ပတ်သက်လို့ အသေးစိတ်မမှတ်မိပေမယ့် ကလေးတွေကို ချီပြီး အခန်းထဲ ခေါ်ခဲ့တာပါ။ အိပ်နေတဲ့ တက်ဒ်လူဝီကို ချီပြီး နုနုနယ်နယ်လေးဖြစ်တဲ့ ဖရန်ဆစ်ကို လက်မောင်းမှာ တင်ရင်း အခန်းထဲ ဘယ်လိုပြေးလာမှန်းတောင် မမှတ်မိတော့ပါဘူး။ ကျွန်မလည်း ကလေးနှစ်ယောက်ကိုပါခေါ်ပြီး အခန်းထဲ ဝင်ပုန်းနေခဲ့ပါတယ်။ ပြီးတော့ အခန်းတံခါးကို လော့ခ်ချပိတ်လိုက်ပြီး တံခါးလက်ကိုင်ကိုလည်း ကျစ်ကျစ်ပါတောင် ကိုင်ထားလိုက်ပါတယ်။ အဲဒီအချိန်မှာ စိတ်အတော်လေးဒုက္ခရောက်ရပါတယ်''လို့ မာဂျာက ပြန်ပြောင်းပြောဆိုပါတယ်။
မာဂျာဟာ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သူ့ရဲ့အင်စတာဂရမ်ကနေ ပထမဆုံးအကြိမ်ဖွင့်ဟလာခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်က သူနဲ့ သူ့ကလေးတွေအတွက် အရမ်းကိုဒုက္ခရောက်ရတဲ့ဖြစ်ရပ်ပဲလို့ ပြောပါတယ်။ အဲဒီဖြစ်ရပ်အပြီး လင်ဒီလော့ဖ်လည်း ဝက်စ်ဟမ်းနဲ့ကစားခဲ့ရတဲ့ပွဲအတွက် အသင်းရဲ့လူစာရင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပြီး ဆွီဒင်မှာ သူ့မိသားစုနဲ့အတူ အချိန်ပေးဖို့ အသင်းဘက်က ခွင့်ပေးခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အပြီး ယူနိုက်တက်အသင်းနည်းပြ ရန်းနစ်က ''လန်ဒန်ကနေ မန်ချက်စတာ ပြန်လာချိန် လေယာဉ်ပေါ်မှာ လင်ဒီလော့ဖ်နဲ့ စကားပြောဖြစ်ခဲ့သလို နောက်တစ်နေ့မနက်မှာလည်း ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ မိနစ် ၂၀၊ ၂၅ မိနစ်လောက်ကြာအောင် စကားပြောဖြစ်ခဲ့ပြီး သူက ဖြစ်ရပ်မှန်အကြောင်း သေချာပြောပြခဲ့ပါတယ်။ တကယ့်ကိုဆိုးရွားတဲ့အခိုက်အတန့်ဖြစ်ပြီး အထူးသဖြင့် သူ့မိန်းမနဲ့ အသက် ၃နှစ်အရွယ်သားဖြစ်သူတို့အတွက်ပေါ့။ အခုချိန်မှာ မိသားစုနဲ့အတူ ရှိနေချင်တယ်လို့ သူက ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ကျွန်တော်လည်း ကလေးနှစ်ယောက်အဖေမို့လို့ သူ့ခံစားချက်ကို အပြည့်အဝနားလည်ပါတယ်''လို့ ပြောခဲ့ပါတယ်။