The network connection is lost.

Banner Image

အာဆင်နယ်နဲ့သရေပွဲစဉ်အပြီး အခုလိုပုံစံမျိုး ယူနိုက်တက်မကစားချင်ဘူးလို့ ထုတ်ဖော်ဝန်ခံလိုက်တဲ့ အာမိုရင်း

တနင်္ဂနွေညပိုင်း၊ အာဆင်နယ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျပြီးနောက် အနာဂတ်မှာ အသင်းအတွက် ကစားပုံအသစ်တစ်ခု အကောင်အထည်ဖော်ပေးပါမယ်လို့ ယူနိုက်တက်ပရိသတ်တွေဆီ နည်းပြအာမိုရင်က ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် အာမိုရင်က အခုပွဲစဉ်အတွင်း မန်ချက်စတာယူနိုက်တက်ကစားသွားတဲ့ပုံစံမျိုးကို သူကိုယ်တိုင်လည်း အလိုမရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်က ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဘရူနိုဖာနန်ဒက်စ်ရဲ့ဖရီးကစ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်အများစုကို ခံစစ်ပိုင်းမှာသာ ကုန်ဆုံးခဲ့ရပါတယ်။ သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ ၁၆ မိနစ်အလိုမှာတော့ သူတို့တွေက ဒီကလန်ရိုက်စ်ရဲ့ချေပဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

အာမိုရင်းက ခံစစ်ပိတ်ဆို့ကစားခြင်းဆိုတာ သူ့ရဲ့ရည်မှန်းချက်မဟုတ်ဘူးလို့ ကလပ်အသင်းပရိသတ်တွေဆီ အာမခံလိုက်ပြီး အချိန်တန်ရင် သူ့အသင်းကစားပုံ ပြောင်းလဲလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်နည်းပြက “ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့က ပြိုင်ဘက်ဆီဘောလုံးပေးရင်း ခံစစ်ပိတ်ဆို့ကစားတာမျိုးကို မကစားချင်ကြပါဘူး။

ပွဲစဉ်အခြေအနေအားလုံးနဲ့ ကစားသမားတွေရဲ့စရိုက်လက္ခဏာတွေကြောင့် ဒီကစားပုံက အလုပ်ဖြစ်ခဲ့ပါတယ်။ ဥပမာပြောရရင် လင်ဒီလော့ဖ်ပေါ့၊ သူက ပွဲတွေအများကြီးမကစားခဲ့ရပါဘူး။ ကတ်စ်မဲရိုးဆိုလည်း အခုလိုပွဲစဉ်မျိုးမှာ ပိုပြီး သက်သောင့်သက်သာရှိခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ကို နည်းပြနေချိန် အခုလိုပုံစံမျိုးတွေ အများကြီးကစားလို့မရပါဘူး။ ပွဲစဉ်တွေကို အနိုင်ရရှိအောင် ကြိုးစားသွားရပါမယ်။ တခါတလေ အခုလိုကစားဟန်မျိုးက ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီစိတ်ပျက်မှုတွေကိုလည်း ကျွန်တော်တို့ ကိုင်တွယ်နိုင်ရပါမယ်။ တခါတလေ သိပ်ပြီးလူကြိုက်မများလှတဲ့အရာတွေကို လုပ်သွားရပါမယ်”လို့ ပြောပါတယ်။

ပွဲစဉ်မစတင်ခင် ယူနိုက်တက်ပရိသတ်တွေက ဂလေဇာမိသားစုရဲ့ပိုင်ဆိုင်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ပြီး အာမိုရင်းကလည်း ပရိသတ်တွေရဲ့မကျေနပ်ချက်ကို စာနာနားလည်ပေးခဲ့ပါတယ်။ အာမိုရင်းက “ဒီကလပ်အသင်းက အမြဲတမ်းရှင်သန်နေလိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းပါပဲ။ လမ်းတွေပေါ်မှာလည်း ဒါကို ခံစားနိုင်ပါတယ်။ ဒီကလပ်အသင်းက ကြီးမားတဲ့စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်ပြီး ဒီလိဂ်မှာ ပရိသတ်အင်အားအကောင်းဆုံးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တခါတလေ လက်မှတ်ဝယ်ပြီး ပွဲသွားကြည့်ဖို့တောင် အခက်အခဲရှိတယ်လို့ ခံစားမိနိုင်ပါတယ်။ ကျွန်တော်တို့က သူတို့တွေအတွက် အများကြီးကြိုးစားပေးသွားချင်ပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့တွေ အခုလိုပုံစံမျိုး မကစားတော့ပါဘူး”လို့ ပြောပါတယ်။