The network connection is lost.

Banner Image

ယူရိုပါကွန်ဖရန့်လိဂ်အောင်ပွဲအပြီး အသင်းနဲ့ကာလရှည်လက်တွဲဖို့ ဆန္ဒရှိနေတဲ့ အိုလံပီယာကို့စ်နည်းပြ မန်ဒီလီဘာ

အိုလံပီယာကို့စ်နည်းပြ မန်ဒီလီဘာက ဒီနေ့မနက်ပိုင်း၊ ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲမှာ ဖီအိုရင်တီးနားကို အနိုင်ယူပြီး ဗိုလ်စွဲခဲ့လို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါတယ်။ သာမန်ပွဲကစားချိန်အလွန် အချိန်ပိုမိနစ်တွေအတွင်း တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ဂရိကလပ်က ပြည်တွင်းဘောလုံးသမိုင်းတလျှောက် ပထမဆုံးဥရောပအဆင့်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ မန်ဒီလီဘာက “ကျွန်တော်တို့ အများကြီးကြိုးစားခဲ့ပေမယ့် မိနစ် ၉၀ အတွင်း နိုင်ပွဲရရှိအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ တစ်ဂိုးတော့ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုက ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့အတူ အောင်ပွဲခံရမယ့်အချိန် ဖြစ်ပါတယ်။ ကျွန်တော်တို့က တက်နိုင်သမျှအကောင်းဆုံးနည်းလမ်းနဲ့ မာရသွန်ပြိုင်ပွဲကြီးကို အဆုံးသတ်လိုက်နိုင်ပါပြီ။ ဒါက အဆိုးရွားဆုံးစတင်ခဲ့ပေမယ့် အောင်မြင်မှု ရယူဖို့အတွက် အခက်အခဲများစွာကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် သက်သေပြလိုက်တာပါ။ ကျွန်တော်တို့ လာမယ့်ရာသီ၊ယူရိုပါလိဂ် ကစားရပါမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားရဦးမှာပါ။ ဒါပေမယ့် အခုကတော့ ဒီအောင်မြင်မှုအပေါ် ပျော်ပျော်ရွှင်ရွှင်ခံစားရမယ့် အချိန်ဖြစ်ပါတယ်”လို့ အားပါးတရပြောဆိုလိုက်ပါတယ်။

အလားတူ သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆီဗီလာနဲ့အတူ ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မန်ဒီလီဘာက “ ဒီနေ့ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက ပြီးခဲ့တဲ့နှစ်၊ ကျွန်တော်လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ဆက်လက်သယ်ဆောင်လာတယ်ဆိုတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး နောက်တစ်ကြိမ်အောင်ပွဲခံနိုင်လို့ ကျွန်တော်ပျော်ရွှင်ကျေနပ်မိပါတယ်။ ကျွန်တော့်ဘက်ကတော့ ဒီအပျော်တွေကို ကလပ်အသင်းနဲ့ အခြားသူတွေဆီ ဝေမျှပေးသွားချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအသင်းနဲ့အတူ အချိန်တွေအကြာကြီး အလုပ်တွေ ဆက်လုပ်သွားချင်ပါတယ်”လို့ ဆိုပါတယ်။