လီဗာပူးရဲ့ချန်ပီယံအိပ်မက်ကို ရပ်တန့်သွားစေနိုင်တဲ့အရာတစ်ခုအကြောင်း ပြောပြလာတဲ့ ကာရေဂါ
ကာရေဂါက လီဗာပူးအသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံအိမ်မက် ပျက်ပြယ်သွားစေနိုင်တဲ့ အရာတစ်ခု ပေါ်ပေါက်လာမှာကို စိုးရိမ်တကြီးဖြစ်နေပါတယ်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လိဂ်ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ဖို့ ကြိုးစားနေတဲ့ ကြိုးကြာနီတွေက လတ်တလောအမှတ်ပေးဇယားရဲ့အနီးဆုံးပြိုင်ဘက် အာဆင်နယ်ကို အမှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်ပါတယ်။
ဒါပေမယ့် သူတို့တွေက စနေနေ့ညပိုင်း၊ ဘရိုက်တန်နဲ့သရေကျခဲ့တဲ့ အာဆင်နယ်ရဲ့ခြေချော်မှုကို အခွင့်ကောင်းယူဖို့အတွက် မနေ့ညပိုင်း၊ အင်္ဂလန်ဒါဘီပွဲစဉ်မှာ နိုင်ပွဲရယူရန် ပျက်ကွက်ခဲ့ပါတယ်။ ကာရေဂါကတော့ ယမန်နေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ထားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျပြီးနောက် အသင်းရဲ့ခံစစ်ပိုင်းကို လိဂ်ရဲ့အကောင်းဆုံးအဖြစ် မပြောင်းလဲနိုင်ဘူးဆိုရင် လီဗာပူးအသင်းကို အမှတ်ပေးဇယားထိပ်ဆုံးနေရာမှ ဆွဲချသွားနိုင်မယ့် အလားအလာအတွက် စိုးရိမ်မကင်းဖြစ်နေခဲ့ပါတယ်။
အင်္ဂလန်နောက်ခံလူဟောင်းက လီဗာပူးအသင်းရဲ့ခံစစ်အစွန်နေရာတွေမှာ အားနည်းချက်တွေရှိနေပြီး ဒီအားနည်းချက်တွေကြောင့် ကလပ်အသင်းရဲ့အမှတ်ပေးချန်ပီယံဆုဆွတ်ခူးနိုင်ရေးမျှော်လင့်ချက်ကို အတားအဆီးဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ကာရေဂါက ရော်ဘတ်ဆန်ဟာ ကစားသမားဘဝအကောင်းဆုံးအခိုက်အတန့်ကို ကျော်လွန်လာပြီဖြစ်သလို အာနိုးလ်ကိုယ်တိုင်လည်း ရီးရဲလ်မက်ဒရစ်နဲ့အပြောင်းအရွှေ့ကောလာဟလတွေကြောင့် ယူနိုက်တက်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်အတွင်း ဆိုးရွားတဲ့ကစားဟန်မျိုးပြသခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။
ဂယ်ရီနဗီးလ်ရဲ့ Sky Sports podcast အစီအစဉ်မှာ ကာရေဂါက “အာနိုးလ်နဲ့ပတ်သက်ပြီး ခံစစ်စွမ်းရည်ကိုပဲ လူတွေက အမြဲလိုလိုပြောလေ့ရှိပြီး ဒါက အပြောင်းအလဲမရှိခဲ့ပါဘူး။ ဒါပေမယ့် ကောလာဟလတွေသာ သူ့အပေါ် သက်ရောက်မှုရှိတယ်ဆိုရင် ဒီနေ့လိုစွမ်းဆောင်ရည်မျိုးကို သူ့ဆီမှာ မြင်တွေ့ရနိုင်ပါလိမ့်မယ်။ လီဗာပူးအသင်းဘက်ကတော့ ဒီအချက်ကို ပြောင်းလဲပေးရပါမယ်။
ခံစစ်ပိုင်းနဲ့ပတ်သက်ရင် အာဆင်နယ်က လီဗာပူးထက် ပိုကောင်းပါတယ်။ လီဗာပူးကတော့ တိုက်စစ်ပိုင်းပိုကောင်းပြီး အခွင့်အရေးတွေ ဖန်တီးနိုင်သလို ဂိုးတွေလည်း သွင်းယူနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းရဲ့ခံစစ်အစွန်နေရာတွေမှာဆိုရင် ရော်ဘတ်ဆန်က ကစားသမားဘ၀ အကောင်းဆုံးကာလကို ကျော်လွန်လာခဲ့ပါပြီ။ သူက ဒီကလပ်အသင်းအတွက် ဂန္တဝင်တစ်ဦးဖြစ်ပေမယ့် မိနစ်တိုင်းမှာ သူကိုယ်တိုင်အနည်းငယ်တုံ့ဆိုင်းနွေးကွေးမှုနဲ့အတူ ဂိုးအများစုကို ခွင့်ပြုပေးနေရတယ်လို့ ခံစားမိပါတယ်။
အခြားတဖက်မှာလည်း အာနိုးလ်နဲ့ပတ်သက်ပြီး ပြဿနာတွေသာ ရှိလာမယ်ဆိုရင် ဗဟိုခံစစ်မှူးနှစ်ဦးဆီ ဖိအားတွေ အများကြီးကျရောက်လာပါလိမ့်မယ်။ ဒီနေ့မှာဆိုရင်လည်း ဗန်ဒိုက်က လီဗာပူးအသင်းကို အကြိမ်ကြိမ်ကယ်တင်ပေးခဲ့ရပါတယ်။ သူ ခက်ခက်ခဲခဲ ကြိုးစားကစားပေးခဲ့ရတာပါ။ ဒါကြောင့်ပဲ အဲ့ဒီခံစစ်အစွန်နေရာတွေက လိဂ်ချန်ပီယံဆုနဲ့ လီဗာပူးအသင်းကို လွဲချော်သွားစေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းဖြစ်နေပါတယ်”လို့ ပြောပါတယ်။
အခုလိုစိုးရိမ်မှုတွေရှိနေတဲ့ ကာရေဂါက အသင်းဟောင်းအနေဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလကို အသုံးပြုကာ အန်းစလော့အသင်းရဲ့ခံစစ်ပိုင်းရွေးချယ်ခွင့်တွေကို တိုးမြှင့်ပေးသွားဖို့ မျှော်လင့်နေပါတယ်။ ကာရေဂါက “ရာသီအစောပိုင်းမှာ လီဗာပူးအသင်းက တကယ့်ကိုတောင့်တင်းလွန်းတဲ့ ခံစစ်ကစားပုံနဲ့ တာထွက်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဂိုးတွေ ခပ်စိတ်စိတ်ပေးနေရပါပြီ။ အသင်းနဲ့ပတ်သက်လို့ ဒီအချက်ကို ကျွန်တော်စိုးရိမ်မိသလို ခံစစ်အစွန်နေရာအတွက်လည်း စိုးရိမ်မိပါတယ်။ ကစားသမားသစ်ခေါ်ယူမယ်လို့ မထင်ထားပေမယ့် အခုအပြောင်းအရွှေ့ကာလမှာ နောက်ခံလူတစ်ဦး ဝယ်ယူဖို့ လိုအပ်နေသေးတယ်လို့ ခံစားမိပါတယ်”လို့ ဆက်ပြောပါတယ်။