The network connection is lost.

Banner Image

အက်စ်ပန်ညိုနဲ့ပွဲမှာ လီဝန်ဒေါစကီးပါဝင်ကစားနိုင်မယ်လို့ ဖလစ်အတည်ပြု

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က ဒဏ်ရာပြဿနာနဲ့ကြုံတွေ့ထားရတဲ့ အသင်းရဲ့တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ သောကြာနေ့နံနက် အက်စ်ပန်ညိုနဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားသွားနိုင်မယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။ 

ဘာစီလိုနာအနေနဲ့ ယခုအက်စ်ပန်ညိုနဲ့ပွဲစဉ်မှာသာ အနိုင်ရခဲ့မယ်ဆိုပါကအမှတ်ပေးဇယား ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်ကို ၇ မှတ်အထိဖြတ်တောက်နိုင်မှာဖြစ်လို့ ရာသီကုန်ဖို့ ၂ ပွဲအလိုမှာပဲ လာလီဂါအမှတ်ပေးဖလားကို သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။ 

လီဝန်ဒေါစကီးဟာ ကြွက်သားဒဏ်ရာပြဿနာကြောင့် ဘာစီလိုနာရဲ့ နောက်ဆုံးလာလီဂါ ၃ ပွဲစလုံးကို လွဲချော်ထားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲမှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။အသက်-၃၆ နှစ်အရွယ် ပိုလန်လက်ရွေးစင်ဟာ ယခုရာသီလာလီဂါ ၃၁ ပွဲကစားထားရာမှာ ၂၅ ဂိုးအထိသွင်းယူထားပါတယ်။ 

ယခုအခါမှာ ဖလစ်က "လီဝန်ဒေါစကီးက အခြေအနေကောင်းပါတယ်။ ကစားဖို့အဆင်သင့်ဖြစ်နေပါပြီ" လို့အတည်ပြုပြောကြားလာခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့အပတ်က အင်တာမီလန်ကို ၄-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မိနစ် ၃၀ ဝန်းကျင်သာပါဝင်ကစားနိုင်ခဲ့သလို၊ တနင်္ဂနွေနေ့က ရီးရဲလ်မက်ဒရစ်ကို ၄-၃ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။ 

ဒီရာသီအယ်လ်ကလက်စီကို ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို ပြိုင်ပွဲစုံ ၄ ပွဲစလုံး အနိုင်ရရှိထားပြီး ယခုအခါမှာ ဖလစ်က အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးပြောဆိုလာခဲ့ပါတယ်။

ဂျာမန်သားနည်းပြက "ကျွန်တော်တို့ကွင်းဘက်ခြမ်းမှာ ရီးရဲလ်မက်ဒရစ်ကိုဘောလုံးပေးမထိဘဲ ၂၄ မိနစ်လောက်အထိ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကစားပုံအစစ်အမှန်ကို ထုတ်ပြသလိုဖြစ်ခဲ့ပါတယ်။ သူတို့ဘောလုံးကိုင်ထားချိန်မှာ ကျွန်တော်တို့ရဲ့ဖိအားပေးနိုင်မှုကလည်း အံ့မခန်းပါပဲ။ ဒီအချက်အလက်တွေကိုမြင်ရတာ အသင်းအတွက် ဂုဏ်ယူစရာပါပဲ။ ပရိသတ်တွေအတွက် ကျွန်တော်ဝမ်းသာပါတယ်။ အခုလိုကစားပုံကိုမြင်တွေ့ရဖို့ သူတို့အတွက် အရမ်းအရေးကြီးလို့ပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်မှထွက်ခွာကာ ဘရာဇီးလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်သွားမယ့် ကာလိုအန်ဆယ်လော့တီနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဖလစ်က "သူ ရီးရဲလ်မက်ဒရစ်မှာ အရမ်းတော်ခဲ့ပြီး အသင်းကို အမြင့်ဆုံးပို့ပေးနိုင်ခဲ့တယ်လို့ထင်တယ်။ အန်ဆယ်လော့တီက ကမ္ဘာ့အအောင်မြင်ဆုံးနည်းပြတွေထဲက တစ်ယောက်ပါ။ သူ့ရဲ့နေရာအသစ်မှာ အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အဲဒီမှာလည်း အသင်းကောင်းတစ်သင်းကို တည်ဆောက်နိုင်မယ်လို့ယုံကြည်ပါတယ်။ အောင်မြင်မှုတွေ ထပ်ရဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။