
ဘယ်အသင်းနဲ့တွေ့တွေ့ ကျွန်တော် ဂိုးသွင်းနိုင်ပါတယ်လို့ ပြောကြားလိုက်တဲ့ ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေ
နိုင်ငံအသင်းအတွက် ထာဝရဂိုးအများဆုံးသွင်းသူ ဖြစ်လာဖို့ ၆ ဂိုးသာ လိုအပ်တော့တဲ့ ကီလီယန် အမ်ဘာပေက သောကြာနေ့မှာ ကစားမယ့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ (အဇာဘိုင်ဂျန်နဲ့ပွဲ) မတိုင်ခင်မှာ "ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးသွင်းနိုင်တယ်" လို့ ယုံကြည်ချက်ရှိရှိ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်က လာလီဂါမှာ ရီးရဲလ် မက်ဒရစ်က ဗီလာရီးရဲလ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်မှာ သာမန်ဒဏ်ရာအသေးစား ရရှိခဲ့တာကြောင့် ဒီပွဲကို သူပါဝင်ကစားနိုင်ဖို့ကတော့ မသေချာသေးပါဘူး။
ဂျီရူးဟာ ၂၀၂၄ ခုနှစ်မှာ နိုင်ငံတကာဘောလုံးလောကကနေ အနားယူခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၁၃၇ ပွဲမှာ စံချိန်တင် ၅၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အမ်ဘာပေကတော့ လက်ရှိမှာ ၉၂ ပွဲကစားပြီး ၅၂ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ရာသီအစမှာ အံ့မခန်းခြေစွမ်းပြနေတဲ့ ဒီပြင်သစ်ကစားသမားဟာ လာမယ့်ပွဲတွေဖြစ်တဲ့ သောကြာနေ့ အဇာဘိုင်ဂျန်၊ တနင်္လာနေ့ အိုက်စလန်တို့နဲ့ ကစားရမယ့် လွယ်ကူတဲ့ပွဲစဉ်နှစ်ပွဲမှာ ဂျီရူးရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ ရည်မှန်းနေပါတယ်။
ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြင်သစ်အသင်းခေါင်းဆောင်က "ကျွန်တော် ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးသွင်းနိုင်တယ်လို့ ပြောတာက အဆန်းထွင်ပြောနေတာ မဟုတ်ပါဘူး။ ပွဲတိုင်းမှာ သူ့ရဲ့ ပုံစံကိုယ်စီ ရှိပါတယ်။ အဇာဘိုင်ဂျန်ဆိုတာ ယူကရိန်းကိုတောင် သရေကစားနိုင်ခဲ့တဲ့ အသင်းပါ၊ အဲ့ဒီတုန်းက ကျွန်တော်တို့ကိုယ်တိုင်တောင် အနိုင်ရဖို့ မလွယ်ခဲ့ပါဘူး။ ဂိုးသွင်းရုံသက်သက်ထက် ပိုအရေးကြီးတဲ့ အရာတွေရှိပါတယ်၊ ဒါပေမဲ့ ဂိုးသွင်းခွင့်ရရင်တော့ လက်လွှတ်ခံမှာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော် ဂျီရူးကို ကျော်ဖြတ်နိုင်မယ်လို့တော့ ထင်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်ဖြစ်မလဲတော့ မသိသေးဘူး။ မနက်ဖြန်လည်း ဖြစ်နိုင်တာပဲ၊ ဘယ်သူသိမှာလဲ။ ဒါမှမဟုတ် နောက်ပိုင်းလည်း ဖြစ်နိုင်တာပေါ့။ ဒါက သူ့အလိုလို ဖြစ်လာမယ့် ကိစ္စပါ၊ အဲ့ဒီနောက်မှာတော့ ရှေ့ဆက်သွားရုံပါပဲ" လို့ သူက ဆက်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက အမ်ဘာပေအတွက် တစ်ဦးချင်းအနေနဲ့ စံချိန်တင်နိုင်ခဲ့တဲ့ ရာသီဖြစ်ခဲ့ပေမယ့် ရီးရဲလ် မက်ဒရစ်အသင်းအနေနဲ့ အဓိကဆုဖလားကြီးတွေနဲ့ လွဲချော်ခဲ့တာကြောင့် မှေးမှိန်သွားခဲ့ရပါတယ်။ အထူးသဖြင့် ၂၀၂၄-၂၅ ရာသီရဲ့ ပထမတစ်ဝက်မှာ ခြေစွမ်းပျောက်နေခဲ့တဲ့ ပြင်သစ်သားဟာ ရာသီကုန်မှာတော့ ခြေစွမ်းပြန်တွေ့ခဲ့ပြီး ပီချီချီဆုနဲ့ ဥရောပ ရွှေဖိနပ်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီရာသီမှာတော့ အမ်ဘာပေဟာ မယုံနိုင်လောက်အောင် အကောင်းဆုံး ခြေစွမ်းကို ပြသနေပြီး မက်ဒရစ်အသင်းအတွက် ၁၀ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ဒါဟာ ၂၀၂၄ နွေရာသီက သူတို့ခေါ်ယူခဲ့တယ်လို့ မျှော်လင့်ထားတဲ့ အမ်ဘာပေရဲ့ ပုံစံအမှန်ကို နောက်ဆုံးမှာ မြင်တွေ့ခွင့်ရနေပြီဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ဗီလာရီးရဲလ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မက်ဒရစ်ရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ အမ်ဘာပေဟာ ဂိုးသွင်းပြီး မကြာခင် ပွဲချိန် ၈၂ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။ ပွဲအပြီးမှာ နည်းပြ ဇာဗီ အလွန်ဆိုက အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ခြေကျင်းဝတ်မှာ သာမန်ဒဏ်ရာအသေးစားသာ ရရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြင်သစ်အသင်းနည်းပြ ဒီဒီယာ ဒက်စ်ချမ့်ကတော့ သောကြာနေ့မှာ အဇာဘိုင်ဂျန်နဲ့ ကစားမယ့်ပွဲအတွက် အချိန်မီ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ မျှော်လင့်ပြီး သူ့ကို အသင်းလူစာရင်းမှာ ရွေးချယ်ခဲ့ပါတယ်။ ပီအက်စ်ဂျီ ကစားသမားဟောင်းဟာ ဒီရက်သတ္တပတ်ထဲက အသင်းလိုက်လေ့ကျင့်ခန်းတွေကို လွဲချော်ခဲ့ပေမယ့် ကြာသပတေးနေ့မှာတော့ ကျန်တဲ့အသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းမှာဖြစ်ကြောင်း အမ်ဘာပေကိုယ်တိုင် အတည်ပြုခဲ့ပါတယ်။
"ကျွန်တော် ကစားချင်တယ်၊ နည်းပြကလည်း ကျွန်တော့်ကို ကစားစေချင်တယ်၊ ဒါကြောင့် ဘာပြဿနာမှ ရှိမယ်မထင်ပါဘူး။ ကျွန်တော် နေလို့ကောင်းပါတယ်၊ နည်းပြနဲ့လည်း ပြောထားပြီးပါပြီ။ ဒီနေ့ လေ့ကျင့်ခန်းဆင်းပါ့မယ်၊ ဒါက နောက်ဆုံးစမ်းသပ်မှုပါပဲ၊ ဒါပေမဲ့ ကျွန်တော် အထူးတလည်တော့ စိုးရိမ်မနေပါဘူး" လို့ အမ်ဘာပေက ပြောကြားခဲ့ပါတယ်။