လက်စတာနည်းပြဘဝ ပွဲဦးထွက်မှာ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တဲ့ နစ္စတယ်ရွိုင်း
ယနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ကြားရက်ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဗန်နစ္စတယ်ရွိုင်းဟာ သူ့ရဲ့လက်စတာနည်းပြဘဝ ပထမဆုံးပွဲဦးထွက်ကို စတင်ကိုင်တွယ်ခဲ့ပြီး အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ဂိုးပြတ်အနိုင်ရကာ အဖွင့်လှသွားခဲ့ပါတယ်။
လက်စတာပရိသတ်တွေအနေနဲ့ အသင်းရဲ့နည်းပြသစ်ကို အိမ်ကွင်းမှာ အများအပြားလာရောက်စောင့်ကြည့်ခဲ့ကြပြီး နစ္စတယ်ရွိုင်းကလည်း သူ့ရဲ့ ပွဲဦးထွက်ကို အာရုံစိုက်ခဲ့ကာ နည်းပြခုံတန်းမှာပင်ထိုင်မနေနဲ့ ကွင်းဘေးကနေ တစ်ချိန်လုံး ကစားသမားတွေကို အော်ဟစ်ညွှန်ကြားနေခဲ့တာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ လက်စတာဟာ စောစောစီးစီးပဲ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ပွဲအစ ၂ မိနစ်မှာတင် ဝါရင့်တိုက်စစ်မှူး ဂျေမီဗာဒီရဲ့သွင်းဂိုးနဲ့ ဝက်စ်ဟမ်းကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ထို့နောက် ပထမပိုင်းအတွင်း လက်ကျန်မိနစ်တွေမှာတော့ ၂ သင်းစလုံး အခွင့်အရေးအချို့ရခဲ့ပေမယ့် ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိကြပါဘူး။
ဒုတိယပိုင်းမှာတော့ လက်စတာက ဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့ပြီး မော်ရိုကိုလက်ရွေးစင်ကစားသမား အယ်လ်ခန်နူစ်က ၆၁ မိနစ်မှာ ဒုတိယဦးဆောင်ဂိုးနဲ့ ပွဲပြီးကာနီး ၉၀ မိနစ်မှာ ဒါကာတို့က တတိယဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ကြပါတယ်။ နစ္စတယ်ရွိုင်းအနေနဲ့ ပွဲဦးထွက်မှာပဲ လက်စတာအတွက် ပြီးပြည့်စုံတဲ့နိုင်ပွဲပုံဖော်ပေးနိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် ၉၀+၃ မိနစ်မှာတော့ ဝက်စ်ဟမ်းဘက်ကို နှစ်သိမ့်ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပြီး ဖူလ်ကရက်ဂ်က သွင်းယူခဲ့တာကြောင့် Clean Sheet တော့မရခဲ့ပါဘူး။
ယခုနိုင်ပွဲကြောင့် နယ်သာလန်သားဟာ ပီအက်စ်ဗွီ၊ ယူနိုက်တက်နဲ့ လက်စတာတို့အတွက် နောက်ဆုံးကိုင်တွယ်ထားခဲ့တဲ့ ၁၆ ပွဲစလုံး ရှုံးပွဲမရှိခဲ့ဘဲ အရှိန်ကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကာ လာမယ့် ဘရိုက်တန်နဲ့ပွဲစဉ်မှာတော့ ဘယ်လိုရလဒ်ကို ဆက်လက်ပုံဖော်သွားနိုင်မလဲ စောင့်ကြည့်ရပါမယ်။
ယနေ့နံနက်ကပဲ ယှဉ်ပြိုင်ခဲ့တဲ့ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ အစ်ဆွစ်ချ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ပွဲစဉ်မှာတော့ ခရစ္စတယ်ပဲလေ့စ်က တိုက်စ်မှူး မာတီတာရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အစ်ဆွစ်ချ်ကို အနိုင်ရခဲ့ပါတယ်။ ပထမပိုင်း ၄၅ မိနစ်အတွင်းမှာတော့ ၂ သင်းစလုံး အခွင့်အရေးတွေ ဖန်တီးဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းကို ၀-၀ နဲ့ပဲ စတင်ကစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ပွဲကအနည်းငယ်အေးနေခဲ့ပြီး အစ်ဆွစ်ချ်က အခွင့်အရေးအချို့ စတင်ရရှိခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်က ဂိုးစတင်ရရှိခဲ့တာဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အတွက်အနိုင်ဂိုးကို ပွဲကစားချိန် ၅၉ မိနစ်မှာ မာတီတာကသွင်းယူခဲ့ပြီး ယခုနိုင်ပွဲကြောင့် တန်းဆင်းဇုန်နဲ့ ရမှတ် ၃ မှတ်အကွာ အဆင့် ၁၆ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အစ်ဆွစ်ချ်ကတော့ တန်းဆင်းဇုန်ထဲမှာပဲဆက်လက်ကျန်ရှိခဲ့ပြီး လာမယ့် ဘုန်းမောက်နဲ့ပွဲစဉ်မှာတော့ အပြုသဘောဆောင်တဲ့ရလဒ်မျိုး ဖန်တီးနိုင်ဖို့ ကြိုးစားသွားရပါမယ်။