နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းကာ အာဆင်နယ်အသင်းမှထွက်ခွာသွားတဲ့ နယ်လ်ဆင်
ရီးစ်နယ်လ်ဆင်က အာဆင်နယ်အသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို နှစ်ဖက်သဘောတူညီမှုဖြင့် ဖျက်သိမ်းလိုက်ပြီးနောက် ကလပ်အသင်းလက်မဲ့ကစားသမား ဖြစ်လာပါတယ်။
အာဆင်နယ်အသင်းရဲ့ နာမည်ကြီး Hale End အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ်နယ်လ်ဆင်က မြောက်လန်ဒန်ကလပ်မှာ မျှော်မှန်းထားသလောက် ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၁၈ လတာကာလအတွင်းမှာလည်း နယ်လ်ဆင်က ဖူလ်ဟမ်နဲ့ ဘရန့်ဖို့ဒ်တို့ဆီ အငှားသွားရောက်ကစားခဲ့ပေမဲ့ ဒဏ်ရာပြဿနာအမျိုးမျိုးကြောင့် ၂၆ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။
The Athletic ရဲ့ဖော်ပြချက်အရ နယ်လ်ဆင်နဲ့ အာဆင်နယ်အသင်းတို့အကြား နှစ်ဦးသဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
တောင်ပံကစားသမားရဲ့လက်ရှိစာချုပ်သက်တမ်းက နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပြီး စာချုပ်ပါအချက်အလက်များအရ နောက်ထပ် ၁၂ လသက်တမ်းတိုးမြှင့်ခွင့်လည်း ပါဝင်နေပါတယ်။
သူ့ကိုခေါ်ယူဖို့ ပြည်တွင်းပြည်ပကလပ်အသင်းအများစု စိတ်ဝင်စားနေကြပေမဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်မချခင် ရွေးချယ်စရာတွေကို သေသေချာချာသုံးသပ်သွားဖို့ ကစားသမားကိုယ်တိုင် စီစဉ်ထားပါတယ်။