
လိဒ် နဲ့ ဘန်လေအသင်းတို့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာ
တနင်္လာနေ့က ချန်ပီယံရှစ်ပွဲစဉ်တွေအပြီးမှာ လိဒ်ယူနိုက်တက် နဲ့ ဘန်လေတို့ ပရီးမီးယားလိဂ်ထံ တန်းပြန်တက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်ဟာ အစောပိုင်းနေ့တုန်းက စတုတ်ကို ၆ ဂိုးပြတ်အနိုင်ယူပြီး တန်းပြန်တက်လာနိုင်ဖို့ နီးစပ်လာခဲ့တာဖြစ်ပါတယ်။အခြားတစ်ဖက်မှာ ရှက်ဖီးလ်ယူနိုက်တက်က ဘန်လေကိုအနိုင်မယူနိုင်ခဲ့တာကြောင့် လိဒ်အနေနဲ့ တန်းပြန်တက်နိုင်ဖို့ သေချာခဲ့တာဖြစ်ပါတယ်။
ရှက်ဖီးလ်ဟာ ဘန်လေကွင်းကိုသွားကန်ခဲ့ရပေမယ့် အဆုံးသတ်မှာ ဘန်လေကသာ ၂-၁ နဲ့အနိုင်ယူပြီး တန်းပြန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ကျန် ၂ ပွဲကစားဖို့ ကျန်နေချိန်မှာ လိဒ် နဲ့ ဘန်လေတို့က ချန်ပီယံရှစ်ချန်ပီယံအတွက် ဆက်လက်တိုက်ပွဲဝင်ရဦးမှာဖြစ်ပါတယ်။ ဘန်လေကိုအနိုင်မယူနိုင်ခဲ့တာကြောင့် ရှက်ဖီးလ်အနေနဲ့ ခြေစစ်ပွဲကန်ရတော့မှာဖြစ်ပြီး ကိုဗင်ထရီ ၊ ဆန်းဒါးလန်း ၊ ဘရစ္စတိုးလ်တို့နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ခြေစစ်ပွဲအတွက်တော့ အသင်း ၇ သင်းလောက်အားပြိုင်ရမှာဖြစ်ပါတယ်။ ရှက်ဖီးလ်ကိုအနိုင်ယူနိုင်ခဲ့ပြီးနောက် ဘန်လေအသင်းခေါင်းဆောင် ဘရောင်းဟေးလ်က “ကျွန်တော် ပြောစရာမရှိအောင်ဖြစ်ခဲ့ရပါတယ်။ ဒီရာသီအလုပ်ကြိုးစားခဲ့တဲ့ရလဒ်ပါ။ ကျွန်တော်တို့ အကြိမ်များစွာပြသခဲ့ပြီးပါပြီ။ လူတွေက ကျွန်တော်တို့ကို ပျင်းစရာကောင်းတယ်လို့ ပြောကြပါတယ်။
ကျွန်တော်တို့ အခုတော့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့ပါပြီ။ အခုရလဒ်က တစ်သင်းလုံးနဲ့ သက်ဆိုင်ပါတယ်။ ကောင်လေးတွေအိပ်ပျော်မယ်လို့ မထင်ပါဘူး။ ကျွန်တော်လည်း အတူတူပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။ ဘန်လေနောက်ခံလူဟောင်း ဒေးဗစ်ကလည်း “ကျွန်တော်အသင်းအတွက် အရမ်းဝမ်းသာမိပါတယ်။ သူတို့ တော်တော်လေးကြိုးစားခဲ့ရတာပါ။ လိဒ် နဲ့ ရှက်ဖီးလ်တို့က အကြာကြီးစိုးမိုးထားခဲ့တာပါ။ သူတို့ခံစစ်စွမ်းဆောင်ရည်က အရမ်းကောင်းပါတယ်။
ဒီနေ့မှာ သူတို့အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး မေ့နိုင်မယ်မထင်ပါဘူး။ ပရီးမီးယားလိဂ်ကိုပထမဆုံးအကြိမ် ချက်ချင်းတန်းပြန်တက်နိုင်ဖို့ဆိုတာက အရမ်းခက်ခဲပါတယ်။ စကော့တ်ပါကားတစ်ယောက် နောက်ရာသီဘယ်လိုစွမ်းဆောင်မလဲဆိုတာ ကြည့်ရပါမယ်။ တကယ်လို့ သူအောင်မြင်ခဲ့ရင်တော့ ရှောင်ဒိုက်ခြေရာကို လိုက်နင်းနိုင်မှာပါ။ ဈေးကွက်ထဲမှာ သူတို့ ကစားသမားရှာဖွေရပါမယ်။ သူတို့ကိုထောက်ပံ့ပေးဖို့လည်း ထိုက်တန်ပါတယ်။ သူက ဒီရာသီရဲ့အကောင်းဆုံးနည်းပြဖြစ်လာနိုင်ပါတယ်”လို့ ဒေးဗစ်က ပြောကြားခဲ့ပါတယ်။
လိဒ်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက တတိယနေရာနဲ့ရာသိမ်းနိုင်ခဲ့ပြီး ခြေစစ်ပွဲမှာ ဆောက်သမ်တန်ကိုအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဘန်လေကတော့ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့တာဖြစ်ပြီး အခု ချက်ချင်းတန်းပြန်တက်လာနိုင်ခဲ့တာဖြစ်ပါတယ်။