The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်မှာ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ဖို့ လိုလားနေတဲ့ လာဇီယိုတိုက်စစ်မှူး အင်မိုဘီလီ

လာဇီယိုကြယ်ပွင့် အင်မိုဘီလီက ဒီနေ့ညပိုင်း၊ အလိုင်းယန့်အရီနာကွင်းကြီးအတွင်း ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ စီးရီးအေကလပ်အတွက် သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်နိုင်မယ့် အခွင့်အရေးတစ်ခုရှိနေတယ်လို့ ယုံကြည်နေပါတယ်။

အီတလီမြေမှာ ယှဉ်ပြိုင်ကစားတဲ့ ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်နောက်ခံလူ အူပါမီကာနို တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရကာ အင်မိုဘီလီရဲ့ပင်နယ်တီသွင်းဂိုးဖြင့် လာဇီယိုက အနိုင်ရရှိခဲ့ပါတယ်။

ဂျာမန်မြေမှာ ယှဉ်ပြိုင်ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အင်မိုဘီလီက “ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်ပါတယ်။ ရေးထိုးထားခဲ့တဲ့ သမိုင်းမှတ်တမ်းတွေကို အမှတ်တရရှိနေစေချင်တယ်ဆိုရင် ရိုးရှင်းတဲ့ နည်းလမ်းမျိုးနဲ့တော့ လုပ်ဆောင်လို့မရပါဘူး။ ခိုင်မာစွာတည်ဆောက်ထားတဲ့ အသင်းတစ်ခုကို ကျွန်တော်တို့ အတူတကွ အနိုင်ယူသွားရပါလိမ့်မယ်။ ပထမအကျော့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ခြင်းရဲ့ အဓိကသော့ချက်က လူတိုင်းဟာ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့လို့ ဖြစ်ပါတယ်။ လူတိုင်းက အမြင့်ဆုံးအထိ အစွမ်းကုန်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီညပွဲစဉ်မှာ ကျွန်တော်တို့အတွက် ဘာတွေ စောင့်ဆိုင်းနေသလဲဆိုတာကို ကျွန်တော်တို့သိကြပါတယ်။ ကွင်းထဲမှာ ရှိနေမယ့် အခြေအနေတွေက ငရဲကျနေသလို ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က သမိုင်းသစ်ရေးထိုးနိုင်ဖို့ ကစားသွားပါမယ်”လို့ ပြောပါတယ်။

အင်မိုဘီလီက အခုရာသီ၊ လာဇီယိုအသင်းရဲ့အဓိကကစားသမားအဖြစ် ခြေစွမ်းပြကစားနေပါတယ်။ စီးရီးအေကလပ်ရဲ့ အဓိကသွင်းဂိုးထောက်တိုင်အဖြစ် အင်မိုဘီလီက ပွဲစဉ်ရဲ့ပေါက်ကွဲအားတစ်ခုလုံးကို ပြောင်းလဲသွားအောင် လုပ်ပေးနိုင်စွမ်းလည်း ရှိထားပါတယ်။ သူသာ အသင်းအတွက် ပွဲချိန်အစောပိုင်းမှာပဲ သွင်းဂိုးရှာဖွေပေးနိုင်မယ်ဆိုရင် ကွင်းတွင်းမှာရှိနေတဲ့ လူအုပ်ကြီးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်ပြီး ဘိုင်ယန်မြူးနစ်ကစားသမားတွေအတွက် အရာရာတိုင်းက ခက်ခဲသွားပါလိမ့်မယ်။