The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းဘယ်လိုတိုးတက်လာသလဲ ရှင်းပြလာတဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်ကြယ်ပွင့် ခီလီယန်အမ်ဘာပေဟာ ရာသီအစမှာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပေမယ့် ယခုအခါမှာတော့ ပုံမှန်ဂိုးသွင်းလာနိုင်ပြီး ဘာကြောင့် အခုလို ခြေစွမ်းတိုးတက်လာခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။ 

ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဆီဗီလာကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းဖော် ဘရာဟင်မ်ဒီယက်ဇ်အတွက်လည်း ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

ဒါကြောင့် အမ်ဘာပေဟာ ဒီရာသီမှာ လာလီဂါသွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူထားနိုင်ပြီး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးထားနိုင်တာဖြစ်ပါတယ်။ ရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် အမ်ဘာပေဟာ နည်းပြကြီးကားလို့စ်အန်ဆယ်လော့တီရဲ့ ပံ့ပို့ပေးမှုကို အပြည့်အဝရရှိခဲ့တဲ့အပြင် အသင်းဖော်တွေထံမှ ထောက်ခံအားပေးမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။ 

ဘီလ်ဘာအိုနဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အတွက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ နောက်ဆုံးပွဲစဉ် ၄ ပွဲမှာ ၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားက “ကျွန်တော် အခုချိန်မှာတော့ အသင်းဖော်တွေနဲ့ နားလည်မှုကောင်းကောင်းရရှိနေပါပြီ။ ကျွန်တော့်ရဲ့ရောက်ရှိလာမှုက ဒီအသင်းအတွက် အပြောင်းအလဲတွေအများကြီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော ကျွန်တော်ဒီမှာပျော်နေပါပြိ။ ကွင်းထဲမှာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်အထိ နားလည်မှုရှိရှိ ချိတ်ဆက်နိုင်ပြီလဲဆိုတာ မြင်တွေ့နိုင်မယ်လို့ထင်ပါတယ်”

“ကျွန်တော် ဒီထက်ပိုပြီး အများကြီးကောင်းအောင် ကစားနိုင်ပါသေးတယ်။ ကျွန်တော်ကအသင်းမှာ ဘောလုံးထိတွေ့ခွင့် အများကြီးရတဲ့ကစားသမားလည်းဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တိုးတက်လာပါပြီ။ ဘီလ်ဘာအိုနဲ့ပွဲမှာ ပင်နယ်တီလွဲခဲ့တာ ကျွန်တော့်အတွက် ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အဲဒီပွဲကြောင့် ဟိုးအောက်ခြေအထိရောက်ခဲ့ပြီး အခုလိုအခြေအနေအထိ ပြန်ခုန်တက်နိုင်ခဲ့တာပါ။ ဒီအသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်ရမယ်ဆိုတာ သိခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
 
လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ဆောင်းရာသီအားလပ်ရက်ကြောင့် ၂ ပတ်ခန့်အနားရသွားမှာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၃ ရက်နေ့မှာတော့ လာလီဂါပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ ယှဉ်ပြိုင်သွားရပါမယ်။