
The network connection is lost.

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က သူ့ရဲ့အောင်မြင်မှုမှတ်တိုင်တွေမှာ နောက်ထပ်ဆုဖလား တစ်လုံးကို ထပ်မံပေါင်းထည့်နိုင်ဖို့ အသင်းကို ယူရိုပါလိဂ်ဆုဖလားဆွတ်ခူးနိုင်အောင် ပြင်ဆင်ထားတယ်လို့ ပြောလာပါတယ်။ ဂျာမန်သားနည်းပြကြီးလက်အောက်မှာ အန်ဖီးလ်ကလပ်က ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလားတို့ကို ရယူထားနိုင်ပါတယ်။
ဒါပေမယ့် ယာဂန်ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘ၀ ပထမဆုံးဘောလုံးရာသီဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ ယူရိုပါလိဂ်ဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဆီဗီလာကို အရေးနိမ့်ကာ ဆုဖလားအောင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ လီဗာပူးက ယူရိုပါလိဂ်ပြိုင်ပွဲ မဆင်နွှဲရဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာသာ နှစ်တိုင်းရှိနေခဲ့တာပါ။
ကလော့ပ်က “ကျွန်တော်တို့ ဒီနေရာမှာရှိနေတာက ပြိုင်ဆိုင်ဖို့အတွက်ဖြစ်ပြီး အခွင့်အရေးတွေပေးသွားဖို့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ပထမဆုံး ဘောလုံးရာသီမှာ ဖိုင်နယ်အဆင့် မရောက်နိုင်ခင်အထိ ကျွန်တော်တို့အတွက် ယူရိုပါလိဂ် အောင်ပွဲက နည်းနည်းကြီးမားနေတယ်လို့ တွေးမိခဲ့ပါတယ်။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်အဆင့်မတိုင်ခင်အထိ ကျွန်တော်တို့အသင်းက အရမ်းကောင်းနေတယ်လို့ မထင်ခဲ့ပါဘူး။ အခုတစ်ကြိမ်မှာတော့ မတူညီတော့သလို မတူညီတဲ့အသင်းတစ်ခု ဖြစ်လာပါပြီ။ ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ အများကြီး မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ဟာ ဘာကိုမျှော်လင့်ရမယ်မှန်း မသိခဲ့လို့ပါ။ ကျွန်တော်တို့ စိတ်အားတက်ကြွနေရပါမယ်။ ယူရိုပါလိဂ်ကစားရတော့မှာဖြစ်လို့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်”လို့ ပြောပါတယ်။
လီဗာပူးက အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်အုပ်စုအဆင့်အဖွင့်ပွဲစဉ်အဖြစ် သြစတြီးယားမြေမှာ LASK နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။ အခြား အုပ်စုတွင်းပြိုင်ဘက်တွေကတော့ လီဂူးဝမ်းကလပ်တူးလော့စ်၊ ဘယ်ဂျီယံကလပ် ယူနီယံစိန့်ဂီလွိုက်တို့ ဖြစ်ပါတယ်။ မာဆေးဆိုဒ်ဒေသခံကလပ်က ယူရိုပါလိဂ်ဆုဖလားဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးအသင်း စာရင်းမှာ ပါဝင်နေပေမယ့် ကပ္ပတိန်ဗန်ဒိုက်ကတော့ ထိန်းထိန်းသိမ်းသိမ်းပဲ မျှော်လင့်ထားပုံရပါတယ်။
ဗန်ဒိုက်က “ဆုဖလားဆွတ်ခူးနိုင်မယ်လို့ ရေပန်းစားနေမှုက လက်ရှိအခိုက်အတန့်မှာ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်ပါတယ်။ လီဗာပူးဖြစ်နေလို့လည်း အခြားသူတွေထက် မျှော်လင့်ချက်ပိုထားခံနေရတာပါ။ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားရပါမယ်။ ကစားရမယ့်ပွဲစဉ်တွေ အများကြီးရှိနေပြီး အလှည့်အပြောင်းတွေလည်း ပေါ်ပေါက်လာဖို့ ရှိနေပါတယ်။ လူတိုင်းကတော့ ဒါမျိုးတွေ ပြောနိုင်ကြပေမယ့် ကျွန်တော်တို့က စိုးရိမ်နေဖို့မလိုသလို တွေးနေစရာလည်း မလိုပါဘူး”လို့ ရှင်းပြပါတယ်။