The network connection is lost.

Banner Image

ပရိသတ်တွေကို လက်ခလယ်ထောင်ပြခဲ့တဲ့အပေါ် နောင်တမရဘူးလို့ဆိုလာတဲ့ အာမက်

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အာမက်ဒီယာလိုဟာ မလေးရှားမှာကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အာဆီယံအောစတားအသင်းကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် လှောင်ပြောင်မှုတွေပြုလုပ်နေတဲ့ပရိသတ်တွေကို ပွဲအပြီးမှာ လက်ခလယ်ထောင်ပြခဲ့ပြီး ယခုအခါမှာတော့ အဆိုပါအပြုအမူအတွက်နောင်တမရကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကို ရှုံးနိမ့်ပြီး ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ရတဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၅ နေရာနဲ့သာကျေနပ်ခဲ့ရပေမယ့် ယခုအခါ အာဆီယံအောစတားနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြန်တာဖြစ်ပါတယ်။ 

အာဆီယံအောစတားအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို မြန်မာ့လက်ရွေးစင် မောင်မောင်လွင်ကသွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ပရိသတ်တွေက ယူနိုက်တက်အသင်းသားတွေကို လှောင်ပြောင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အသင်းရှုံးလို့ပေါက်ကွဲနေတဲ့ အာမက်အနေနဲ့လည်း ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို သည်းခံနိုင်စွမ်းမရှိခဲ့ဘဲ လက်ခလယ်ထောင်ပြကာ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ 

အာမက်ဟာ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့အားအကိုးရဆုံးကစားသမားတွေထဲမှ တစ်ဦးဖြစ်ပြီး တသမတ်တည်းဖြစ်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိခဲ့ပါတယ်။သို့သော်လည်း ယခုအခါမှာတော့ တောင်ပံကစားသမားက မလေးရှားမှပရိသတ်တွေဟာ သူ့ကို အမေနဲ့နှိုင်းပြီး ဆဲဆိုခဲ့ကြတာကြောင့်ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြလာခဲ့ပါတယ်။ 

တွစ်တာ(X)မှတစ်ဆင့် အာမက်က "ကျွန်တော့်အနေနဲ့ လူတွေအပေါ်မှာ လေးစားမှုရှိပေမယ့် အဲဒီလူတွေထဲမှာ ကျွန်တော့်အမေကိုဆဲတဲ့သူတွေမပါပါဘူး။ ဒီလိုပုံစံနဲ့ မတုံ့ပြန်သင့်ကြောင်း ကျွန်တော်သိပေမယ့် နောင်တတော့မရပါဘူး။ မလေးရှားမှာ လူကောင်းတွေနဲ့လည်း တွေ့ခဲ့ရပါတယ်" လို့ရေးသားခဲ့ပါတယ်။

၂၀၂၄-၂၅ ရာသီမှာ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာကြောင့် လာမယ့်ရာသီမှာတော့ နည်းပြအာမိုရင်ရဲ့ အားကိုးရတဲ့တိုက်စစ်ကစားသမားတစ်ဦးဖြစ်လာဖို့ရှိနေပါတယ်။သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ နောက်ထပ်ခြေစမ်းပွဲစဉ်အဖြစ် ဟောင်ကောင်အသင်းနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။