The network connection is lost.

Banner Image

လိဂ်ချန်ပီယံဆုအတွက် အသင်းသုံးခု ယှဉ်ပြိုင်နေရမှုမျိုး မကြုံခဲ့ဖူးဘူးလို့ ဖွင့်ပြောလာတဲ့ ယာဂန်ကလော့ပ်

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က မန်စီးတီးနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျပြီးနောက် အမှတ်ပေး ချန်ပီယံပြေးလမ်းမှာ အကြိတ်အနယ်ရှိနေဆဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ တက်လှမ်းလာပါတယ်။

ကလော့ပ်က “အသင်းသုံးခု ယှဉ်ပြိုင်ရတဲ့ အမှတ်ပေးချန်ပီယံလုပွဲတစ်ခုမှာ ကျွန်တော်ပါဝင်ခဲ့ဖူးတယ်လို့ မထင်မိပါဘူး။ ဂျာမနီမှာဆိုရင်တော့ အမြဲလိုလို ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်ရပါတယ်။ တစ်ကြိမ်မှာတော့ လေဗာကူဆင်နဲ့ အဓိကယှဉ်ပြိုင်ခဲ့ရပြီး ကျွန်တော်တို့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အင်္ဂလန်မှာဆိုရင်လည်း အမြဲတမ်းလိုလို ချန်ပီယံဖြစ်နေတာ တစ်သင်းတည်းပဲ ရှိပါတယ်။ ကျွန်တော်တို့တောင် ကြားထဲမှာ ဖောက်ပြီး တစ်ကြိမ်လောက်ပဲ ဗိုလ်စွဲဖူးတာပါ။ အခုလိုအတွေ့အကြုံမျိုး ထပ်ရှိလာဦးမလားဆိုတာ ကျွန်တော်မသိတော့ပါဘူး။ အပြောင်းအလဲအချို့ ရှိလာမလားဆိုတာလည်း ကျွန်တော် တကယ့်ကို မသိတာပါ။ ကျွန်တော်တို့ ၁၀ ပွဲ ကစားရပါဦးမယ်။ ဒါကြောင့် ဘာကိုမှ ဆုံးဖြတ်လိုက်လို့ မရသေးပါဘူး။ ပွဲတွေ အများကြီးရှိပါသေးတယ်။ လိဂ်မှာ နောက်ပွဲစဉ်အတွက် ပြိုင်ဘက်က ဘရိုက်တန်ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့်တော့ ဘရိုက်တန်က ကျွန်တော်တို့ရဲ့ရေပန်းအစားဆုံး ပြိုင်ဘက် မဟုတ်ပါဘူး”

“ဘရိုက်တန်ဖြစ်နေလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ အတွေးမျိုးလည်း ကျွန်တော်တို့မှာ မရှိပါဘူး။ ဘရိုက်တန်က ဘောလုံးကို အကောင်းဆုံး ကစားနေသလို ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ လာမယ့်ပွဲစဉ်တွေမှာ ကျွန်တော်တို့က တော့တင်ဟမ်ကို အိမ်ကွင်းမှာ ဧည့်ခံရမယ်၊ အက်စတွန်ဗီလာနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမယ်၊ ဒီအရာတွေ ရှိနေပါသေးတယ်။ မန်စီးတီးဆိုရင်လည်း အာဆင်နယ်၊ တော့တင်ဟမ်၊ အက်စတွန်ဗီလာတို့နဲ့ ကစားရဦးမှာပါ။ အသင်းတိုင်းကတော့ စွမ်းဆောင်ရည်အပြည့်နဲ့ တိုက်ပွဲဝင်နေကြပါတယ်။ ဒီအချိန်မှာ ကျွန်တော်လိုချင်တဲ့ တစ်ခုတည်းသောအရာက နောက်ထပ်အမှတ် ၃၀ ထပ်ရရှိဖို့ပါပဲ။ ဒါပေမယ့် လက်တွေ့ကျတဲ့အရာတစ်ခုကတော့ စွမ်းဆောင်ရည်ပိုင်းအမြင်ရှုထောင့်အရ ကျွန်တော်တို့အသင်း ဒီအမှတ်ပေးချန်ပီယံပြေးလမ်းမှာ အမှန်တကယ်ရှိနေသလားဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မှန်ကန်တဲ့ အနေအထားမှာရှိတဲ့ အသင်းတစ်ခုကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကျွန်တော်တို့ ဘာတွေလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။

ကလော့ပ်ရဲ့အသင်းက လာမယ့်ကြာသပတေးနေ့မှာ စပါတာပရာဟာနဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက် (ဒုတိယအကျော့)ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိပြီး သီတင်းပတ်ကုန်မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အိုးထရက်ဖို့ဒ်မှာ အက်ဖ်အေဖလားကွာတားဖိုင်နယ် ယှဉ်ပြိုင်ကစားရပါမယ်။