
The network connection is lost.

စီနီယာအသင်းအတွက် သွင်းဂိုးရရှိဖို့ ဂျိုးဂိုမက်ဇ်ရဲ့ကာလရှည်စောင့်ဆိုင်းနေရမှုက ရပ်တန့်သွားဖို့ မရှိသေးဘဲ နည်းပြယာဂန်ကလော့ပ်ကိုယ်တိုင် နောက်ခံလူရဲ့အဖွင့်ဂိုး ရရှိဖို့ကြိုးပမ်းမှုကို ရယ်ရယ်မောမောဖြင့် ကြည့်ရှုနေခဲ့ပါတယ်။
လီဗာပူးစတားက အခုရာသီပွဲစဉ်တွေအပါအဝင် ပရိုဖက်ရှင်နယ်ပွဲစဉ် ၂၀၀ ကျော် ပါဝင်ကစားခဲ့ပေမယ့် မာဆေးဆိုဒ်ကလပ်အသင်းမှာတော့ သူ့ရဲ့သွင်းဂိုးကို မမြင်တွေ့ရသေးပါဘူး။ အသက်-၂၆ နှစ်အရွယ် ကစားသမားက အခုဘောလုံးရာသီမှာ ယခင်ဘောလုံးရာသီတွေထက် ပြိုင်ဘက်အသင်း ဂိုးပေါက်ဆီကန်သွင်းမှုတွေ အမြောက်အများပြုလုပ်လာပေမယ့် အနည်းငယ်သာ အောင်မြင်မှုရရှိခဲ့ပါတယ်။
ရော်ဘတ်ဆန် ဒဏ်ရာရရှိနေစဉ်ကာလအတွင်း ဂိုးမက်ဇ်က ဘယ်နောက်ခံလူ နေရာအတွက် ပါဝင်ကစားပေးရင်း အသင်းတိုက်စစ်ဧရိယာအထိ လိုက်ပါကစားခဲ့ပါတယ်။ စကော့တလန်သားပြန်လည်ပါဝင်လာချိန်မှာတော့ ဂိုးမက်ဇ်ကို ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ပွဲထွက်ခဲ့ရတဲ့ ဗဟိုကွင်းလယ်လူနေရာ အပါအဝင် အခြားနေရာတွေမှာပါ ထိထိရောက်ရောက်အသုံးချလာနိုင်ပါတယ်။
လီဗာပူးရဲ့လက်ရှိဒဏ်ရာပြဿနာတွေနဲ့အတူ ကလော့ပ်က စွယ်စုံရကစားသမားကို အသင်းရဲ့ No.6 နေရာအတွက် ရွေးချယ်ရဖို့ ဖြစ်လာစေပါတယ်။ ဒီနေ့မနက်ပိုင်း ပွဲစဉ်အတွင်း ဆီမီကတ်စ်ရဲ့ဖန်တီးပေးမှုမှတဆင့် ဆောက်သမ်တန်ဂိုးဧရိယာထိပ်အစွန် နေရာလွတ်မှာ ဂျိုးဂိုမက်ဇ် ဘောလုံးလက်ခံရရှိပြီး အန်ဖီးလ်ပရိသတ်ကြီးကလည်း ဂိုးကန်သွင်းယူဖို့ ကစားသမားကို တိုက်တွန်းအားပေးခဲ့ပါတယ်။
ဗဟိုနောက်ခံလူနေရာမှာပါ ကစားနိုင်စွမ်းရှိပြီး ရိုးစင်းတဲ့ ကစားသမားက ဒီအခွင့်အရေးကို ဂိုးကန်ချက်အဖြစ် ပြောင်းလဲခဲ့ပေမယ့် ဂိုးပေါက်နဲ့လွဲချော်ကာ ဘောလုံးက အန်ဖီးလ်ကွင်းပွဲကြည့်စင်တွေဆီ ရောက်ရှိသွားခဲ့ပါတယ်။ အခုလိုဆိုးရွားလှတဲ့ ကြိုးစားအားထုတ်မှုကြောင့် ပရိသတ်တွေရဲ့ ညည်းတွားသံတွေ ထွက်ပေါ်လာပေမယ့် ယာဂန်ကလော့ပ်နဲ့ လီဗာပူးအရန်ခုံတန်းမှာတော့ ဟာသတစ်ခုအဖြစ်သာ ရှုမြင်ထားခဲ့ပါတယ်။
ဂျာမန်သားနည်းပြကြီးက ဂိုးမက်ဇ်ရဲ့ကြိုးစားအားထုတ်မှုကို ကြည့်ရှုရင်း ရယ်မောနေခဲ့သလို အရန်ခုံတန်းမှာ ရှိနေသူအချို့လည်း ပြုံးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဆောက်သမ်တန်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဂိုမက်ဇ်ကို ဂိုးကန်သွင်းဖို့ ဖိအားပေးနေတဲ့ လီဗာပူး ပရိသတ်တွေရဲ့အပြုအမူကို ရပ်တန့်ပေးဖို့ ဒေါ့မွန်နည်းပြဟောင်းက တောင်းဆိုလာခဲ့ပါတယ်။
ကလော့ပ်က “အခုတော့ ဂျိုးဂိုမက်ဇ်က No.6 Role မှာ ကစားခဲ့ပြီး သူကစားခဲ့တဲ့ပုံစံကလည်း လုံးဝကို ရူးသွပ်လောက်စရာပါ။ ကျွန်တော် ပရိသတ်ကြီးကို မေးပါရစေ၊ ဘောလုံးကိုကန်သွင်းလိုက်လို့ အော်ဟစ်ရတာ ရယ်စရာကောင်းပါသလား။ ဒီကောင်လေးကို တစ်ယောက်တည်း လွှတ်ထားပေးလိုက်ပါ။ တစ်နေ့မှာတော့ သူကန်သွင်းယူနိုင်ပါလိမ့်မယ်။ အဲ့ဒီအခိုက်အတန့်ကို သူကိုယ်တိုင်ပဲ ရှာဖွေခွင့်ပေးလိုက်သင့်တယ်။ ပရိသတ်တွေ အော်ဟစ်နေတာကြောင့် ကိုက် ၄၀ လောက်အကွာမှ ခဏခဏကန်သွင်းနေမယ်ဆိုရင်တော့ ကျွန်တော် စိတ်နည်းနည်းဆိုးလာရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဂိုးမက်ဇ်အတွက် ပွဲကောင်းတစ်ခုပါ”လို့ ပြောပါတယ်။
အဆုံးမှာတော့ ဆောက်သမ်တန်ကို အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ ကူမက်စ်၊ ဂျေဒန်ဒန်းစ်(၂ ဂိုး)တို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ခဲ့တာကြောင့် ဂိုမက်ဇ်ရဲ့တလွဲကန်ချက်ကလည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။