The network connection is lost.

Banner Image

ချန်ပီယံဆုအတွက် အရေးပါနေတဲ့ ရာသီပိတ်ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ကိုယ်စီကျခံရမယ့် ကွန်တီနဲ့ အင်ဇာဂီ

ယမန်နေ့ညပိုင်း၊ စီးရီးအေပွဲစဉ်တွေမှာ ကွန်တီရော၊ ဆီမြွန်နီအင်ဇာဂီပါ အနီကတ်ပြထုတ်ပယ်ခံရလို့ လာမယ့်သီတင်းပတ်၊ နာပိုလီနဲ့ အင်တာမီလန်တို့ရဲ့ချန်ပီယံအဆုံးအဖြတ်ပွဲစဉ်တွေမှာ သူတို့နှစ်ဦးလုံး မပါဝင်နိုင်တော့ပါဘူး။ အင်တာမီလန်ရော၊ နာပိုလီပါ လာမယ့်သီတင်းပတ်မှာ စကူဒက်တိုချန်ပီယံဆုအတွက် အရေးကြီးပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး ကွန်တီရော၊ အင်ဇာဂီပါ ဒီပွဲစဉ်တွေမှာ သူတို့အသင်းတွေကို အရန်ခုံတန်းမှတဆင့် ဦးဆောင်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒီနည်းပြနှစ်ဦးက တနင်္ဂနွေနေ့မှာကစားခဲ့တဲ့ စီးရီးအေပွဲစဉ် (၃၇)အတွင်း ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲပြီးရလဒ်တွေမှာတော့ ကွန်တီရဲ့နာပိုလီက ပါးမားနဲ့ ဂိုးမရှိသရေကျပြီး အင်ဇာဂီရဲ့အင်တာမီလန်ကလည်း လာဇီယိုနဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ကွန်တီဟာ ပွဲကစားချိန်အတွင်း အရန်ခုံတန်းမှာရှိနေတဲ့ ပါးမားကစားသမားအချို့နဲ့ အငြင်းပွားခဲ့ပြီး သူနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ချီဗူးတို့ အနီကတ်ပြစ်ဒဏ်ရရှိသွားခဲ့တယ်လို့ နာမည်ကျော်သတင်းထောက်ဒီမာဇီယိုက ရေးသားဖော်ပြပါတယ်။ ပွဲစဉ်အပြီး ကွန်တီက “ အခုလိုအဆုံးအဖြတ်ပွဲစဉ်တစ်ခုဖြစ်လာဖို့ တစ်နှစ်ပတ်လုံး ကြိုးစားခဲ့ရတာကြောင့် ဒီပွဲပယ်ပြစ်ဒဏ်က ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

အသင်းဝန်ထမ်းနဲ့ ကစားသမားတွေကို ကျွန်တော် ယုံကြည်ပါတယ်။ မာရာဒိုနာကွင်းကြီးမှာရှိနေမယ့် ပရိသတ်ထုကြီးကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ပါးမားရဲ့မတော်မတရားပိတ်ဆို့မှုတွေက ကျွန်တော့်ကို စိတ်ပျက်မိစေပါတယ်။ အင်္ဂလန်ဘောလုံးလောကမှာလည်း ကျွန်တော် ကျင်လည်ခဲ့ဖူးပါတယ်။ အဲ့ဒီမှာ ကြွက်တက်လို့၊ ဒဏ်ရာရနေလို့၊ ဒဏ်ရာရချင်ယောင်ဆောင်နေလို့ ပွဲကို ခဏခဏရပ်ပစ်လိုက်တာမျိုး မရှိပါဘူး။ ဒါကြောင့် ကျွန်တော် စိတ်ပျက်မိပြီး ဒီအကြောင်းအရင်းကြောင့်ပဲ ကျွန်တော် ထုတ်ပယ်ခံခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုလိုအဖြစ်အပျက်မျိုး မနေ့ညပိုင်း၊ ဆန်စီရိုကွင်းမှာလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၈ မိနစ်အရောက် ဘစ်ဆက်ခ်ရဲ့လက်ထိဘောအပေါ် VAR စစ်ဆေးမှုတစ်ခု ပြုလုပ်ပေးဖို့ တောင်းဆိုနေတဲ့ လာဇီယိုနည်းပြဘာရိုနီကို အင်ဇာဂီက ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

ဒီနောက်မှာ ကွင်းလယ်ဒိုင်က အင်ဇာဂီကို အနီကတ်ပြစ်ဒဏ်ချမှတ်ရုံသာမက လာဇီယိုအတွက် ပယ်နယ်တီပါ သတ်မှတ်ပေးခဲ့ပါတယ်။ ဒီပယ်နယ်တီကို ပက်ဒရိုက ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ စီးရီးအေရာသီပိတ်ပွဲစဉ်တွေမှာတော့ နာပိုလီက ကာဂလီယာရီကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိနေပြီး အင်တာမီလန်က ကိုမိုနဲ့ အဝေးကွင်းပွဲစဉ် ဆင်နွှဲသွားရပါလိမ့်မယ်။