The network connection is lost.

Banner Image

သမိုင်းဝင်ရှုံးနိမ့်မှုအပြီး ဂျာမနီကြယ်ပွင့်တွေကို အသင်းမှထုတ်ပယ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ နာဂယ်စ်မန်း

ဆလိုဗက်ကီးယားကိုရှုံးနိမ့်ခဲ့တဲ့ သမိုင်းဝင်ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး ဂျာမနီထိပ်တန်းကစားသမားအချို့ကို အသင်းမှထုတ်ပယ်သွားရလိမ့်မယ်လို့ နာဂယ်စ်မန်းက ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းပွဲစဉ်အတွင်း ဂျာမနီက ဒေးဗစ်ဟန်ကို၊ ဒေးဗစ်စထာရယ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ဆလိုဗက်ကီးယားကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အခုလိုအံ့အားသင့်ဖွယ်ရလဒ်ပိုင်းကြောင့် ဂျာမနီအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်၊ ပထမဆုံးအဝေးကွင်းရှုံးပွဲ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပေါ်တူဂီ၊ ပြင်သစ်တို့ကို ဆက်တိုက်ဆိုသလိုရှုံးနိမ့်ခဲ့တဲ့ ဂျာမနီက ပြိုင်ပွဲစုံနောက်ဆုံးသုံးပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဂျာမနီအတွက် လီဗာပူးကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်နဲ့ နယူးကာဆယ်တိုက်စစ်မှူးသစ်ဝေါ်တီမိတ်တို့ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နောက်ခံလူရူဒီဂါလည်း ပွဲချိန်တလျှောက်လုံး ပါဝင်ကစားခဲ့ပါတယ်။

လတ်တလောရှုံးနိမ့်မှုအပြီး ဂျာမနီလက်ရွေးစင်အသင်းနည်းပြနာဂယ်စ်မန်းက “ အခုတော့ ဂျာမနီရဲ့အကောင်းဆုံးကစားသမားတွေကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့လောက် ခြေစွမ်းမကောင်းဘူးဆိုပေမယ့် အသင်းအတွက် အစွမ်းကုန်ပေးဆပ်လိုသူတွေကို ရွေးချယ်တာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့က ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းကို မပြသနိုင်ခဲ့ပါဘူး။

စိတ်ဓါတ်ပိုင်းနဲ့ပတ်သက်ပြီးပြောရရင် ပြိုင်ဘက်ကတောင် ကျွန်တော်တို့ထက် အများကြီးရှေ့ရောက်နေပါသေးတယ်။ ကျွန်တော်တို့က ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သွားရောက်ချင်ပေမယ့် ဒီနေ့မှာတော့ အဲ့ဒီလိုအခြေအနေမျိုးနဲ့ အဝေးကြီးမှာပဲ ရှိနေခဲ့ပါတယ်။ ဒုတိယပိုင်းအစငါးမိနစ်လောက်မှာ အနည်းငယ်တောက်ပခဲ့ပေမယ့် ကျန်တဲ့ပွဲချိန်တွေမှာတော့ အတော်လေးဆိုးရွားလွန်းပါတယ်။

ကျွန်တော်ကတော့ ကိုယ့်အသင်းအပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်း မပြသနိုင်ဘူးဆိုရင် ပြိုင်ဘက်ထက်ပိုကောင်းတဲ့ကစားသမား မဖြစ်လာနိုင်ဘူးဆိုတာ ကစားသမားတွေ နားလည်ထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်ဆွဲထားရုံနဲ့ ရလဒ်ကောင်းတွေ မဖြစ်ပေါ်လာနိုင်ပါဘူး”လို့ ပြောပါတယ်။ ဂျာမနီက နောက်ထပ်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ မြောက်အိုင်ယာလန်ကို ဧည့်ခံကစားရပါမယ်။