အွန်ဒက်ဗ်၊ ဝေါ်တီမိတ်တို့နဲ့ ပွဲထွက်ခွင့်ယှဉ်ပြိုင်နေရမှုကို ဖွင့်ဟလာတဲ့ ကိုင်ဟားဗက်ဇ်
အာဆင်နယ်တိုက်စစ်မှူးကိုင်ဟားဗက်ဇ်က ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဂျာမနီအသင်းရဲ့ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဆိုင်မှုတွေကို ပြောကြားခဲ့ပါတယ်။
ဂျာမနီအသင်းက အုပ်စု (E) မှာ အိုင်ဗရီကို့စ်၊ ကူရာကာအို၊ အီကွေဒေါတို့နဲ့အတူ ကျရောက်နေပြီး အုပ်စုပထမအဖြစ် ရှုံးထွက်အဆင့်တက်လှမ်းနိုင်ဖို့ ရေပန်းစားနေပါတယ်။
ဂျာမနီအသင်းက အုပ်စု (E) ပထမဆုံးပွဲစဉ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကူရာကာအိုအသင်းနဲ့ စတင်ယှဉ်ပြိုင်ရဖို့ရှိနေပြီး နာဂယ်စ်မန်းရဲ့အသင်းမှာ ပွဲထွက်လူစာရင်း ဘယ်လိုဖြစ်လာမလဲဆိုတာ လူအများ စိတ်ဝင်စားနေကြပါတယ်။
ပထမဆုံးပွဲစဉ်မတိုင်ခင် ပြောကြားရာမှာ ဟာဗက်ဇ်က အသင်းတွင်းက တိုက်စစ်မှူးတွေဖြစ်ကြတဲ့ နစ်ခ် ဝေါ်တီမိတ်၊ ဒင်းနစ် အွန်ဒက်ဗ်တို့နဲ့ ကစားသမားနေရာ ပြိုင်ဆိုင်မှုအပေါ် ဆွေးနွေးခဲ့ပါတယ်။
"ကစားသမားကောင်းတွေ နည်းနေတာထက် များများရှိနေတာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ဆီမှာ မူစီယာလာလို လူငယ်ကစားသမားတွေ အပါအဝင် ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ပြိုင်ပွဲတစ်လျှောက်လုံးအတွက် လိုအပ်မယ့် နေရာစုံကစားနိုင်စွမ်းရှိတဲ့ ကစားသမားတွေလည်း ပါဝင်ပါတယ်။ ၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိချိန်မှာလည်း လူစားဝင်ကစားသမားတွေအပါအဝင် ကစားသမားအများစုက ပွဲစဉ်တွေကိုပြောင်းလဲပေးဖို့ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါတယ်" လို့ သူက ဆိုပါတယ်။
"တိုက်စစ်မှူးသုံးဦးလုံးကတော့ ဘောလုံးရရှိပြီး ပြိုင်ဘက်ဂိုးဧရိယာအထိ သယ်ဆောင်သွားနိုင်အောင် ကူညီပေးနိုင်ကြပါတယ်။ လူတိုင်းမှာ မတူညီတဲ့ အားသာချက်တွေ ရှိကြပါတယ်။ အွန်ဒက်ဗ်က ဂိုးဧရိယာအတွင်းမှာ အကောင်းဆုံးအာရုံခံနိုင်စွမ်းရှိပြီး ကောင်းမွန်တဲ့ သွင်းဂိုးမှတ်တမ်းတွေရှိသလို နေရာယူလည်း ကောင်းမွန်ပါတယ်။ ဝေါ်လ်တာမိတ်ကလည်း နည်းစနစ်ပိုင်းအရ တကယ်ကို ကောင်းမွန်ပြီး သူ့ရဲ့အရပ်အမောင်းကြောင့် ဂိုးဧရိယာအတွင်းမှာ ပြိုင်ဘက်ကို ဖိအားပေးနိုင်စွမ်း ရှိပါတယ်။"
"ကျွန်တော်ကတော့ သူတို့နှစ်ယောက်ရဲ့အလယ်အလတ်အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့မှာ မတူညီတဲ့အရည်အသွေးတွေ ရှိကြပေမဲ့ အားလုံးမှာ တူညီတဲ့ပန်းတိုင်တစ်ခု ရှိပါတယ်။ တစ်ဦးကိုတစ်ဦး ကူညီထောက်ပံ့ပေးပြီး အသင်းမှာ ပြဿနာတွေ မရှိလာနိုင်ပါဘူး။ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးရှိနေကြပြီး ဘုံရည်မှန်းချက်ကတော့ ပြိုင်ပွဲမှာ တက်နိုင်သမျှခရီးဝေးဝေးရောက်အောင် သွားနိုင်ဖို့ပဲ ဖြစ်ပါတယ်။" လို့ ဆက်ပြောခဲ့ပါတယ်။
ဂျာမနီအသင်းက ဥရောပနိုင်ငံတွေအနက် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၁ ကြိမ်မြောက် ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး ဘရာဇီး (၂၃ ကြိမ်) ပြီးရင် ဒုတိယအများဆုံး ဖြစ်ပါတယ်။