The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့အတူ နိုင်ပွဲရရှိပြီးနောက် ဂျိုတာအတွက် ဂုဏ်ပြုစကားပြောဆိုလိုက်တဲ့ အာနိုးလ်

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်လာပြီးနောက် အာနိုးလ်က လီဗာပူးအသင်းဖော်ဟောင်းဂျိုတာအတွက် ဂုဏ်ပြုစကားပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ၊ ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းရွှေ့မီအချိန်အထိ အာနိုးလ်နဲ့ ဂျိုတာက လီဗာပူးမှာ ငါးနှစ်ကြာ တွဲဖက်ကစားခဲ့ဖူးပါတယ်။ အသက်-၂၈ နှစ်အရွယ် ဂျိုတာက လွန်ခဲ့တဲ့ကြာသပတေးနေ့၊ ယာဉ်မတော်တဆမှုဖြစ်စဉ်တစ်ခုအတွင်း ညီဖြစ်သူအန်ဒရေဆေးလ်ဗားနဲ့အတူ ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့ညီအစ်ကိုနှစ်ဦးရဲ့ဈာပနအခမ်းအနားကို ယမန်နေ့(စနေနေ့)၊ ပေါ်တူဂီနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အာနိုးလ်က ဒေါ့မွန်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဖရန်ဂါစီယာရဲ့သွင်းဂိုးအတွက် ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။ သူက ဂျိုတာရုတ်တရက်ကွယ်လွန်သွားမှုသတင်းစကားကို လက်ခံပေးသွားဖို့အတွက် အလွန်ခက်ခဲခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပွဲစဉ်အပြီး DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် အာနိုးလ်က “ ဘက်လောက်ပဲ အခက်အခဲဖြစ်နေပါစေ၊ အသင်းအနိုင်ရရှိအောင် စွမ်းဆောင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ လုပ်ရကိုင်ရတာခက်ခဲသလောက် ကိုယ့်အလုပ်နဲ့ ကိုယ့်အခန်းကဏ္ဍကို အာရုံစိုက်သွားဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့ပါတယ်။ တက်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပေမယ့် အလွန်ခက်ခဲခဲ့ပါတယ်။ ဒါကိုတော့ ကျွန်တော်မလိမ်ညာချင်ပါဘူး။

ဂျိုတာက ကျွန်တော့်ရဲ့အရင်းနှီးချင်းဆုံးသူငယ်ချင်းတစ်ဦးဖြစ်ပြီး သူကိုယ်တိုင်လည်း ကျွန်တော့်ကို အခုလိုပုံစံမျိုးပဲ လုပ်သွားစေချင်ပါလိမ့်မယ်။ ဂိုးဖန်တီးမှုနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့နှစ်ဦးအကြား ရယ်ရယ်မောမောဖြစ်နေမှာ သေချာပါတယ်။ သူက ကျွန်တော်နဲ့အတူ ဒီနေရာမှာ ရှိနေခဲ့တာ သေချာပါတယ်”လို့ ပြောပါတယ်။ ဆက်လက်ပြီး အာနိုးလ်က ကွယ်လွန်သူတိုက်စစ်မှူးကို အဝတ်လဲခန်းအတွင်း ဦးစီးဦးဆောင်နိုင်သူအဖြစ် တင်စားသွားခဲ့ပါတယ်။

အာနိုးလ်က “ ကွင်းတွင်းကွင်းပြင် အံ့အားသင့်စရာ အမှတ်တရတွေနဲ့အတူ ကျွန်တော်က ဂျိုတာနဲ့ အဝတ်လဲခန်းကို မျှဝေသုံးစွဲခဲ့ပါတယ်။ သူ့ကို ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်ဘူးလို့တော့ မပြောလိုပါဘူး။ သူက အံ့အားသင့်စရာလူပုဂ္ဂိုလ်၊ ကစားသမားတစ်ဦးအဖြစ် ကျွန်တော်တို့ရဲ့အမှတ်ရစရာ ကိစ္စတွေအားလုံးမှာ ရှင်သန်ပါဝင်နေပါလိမ့်မယ်။ ဂျိုတာရဲ့မိသားစုဆွေမျိုးအသိုင်းအဝိုင်းအတွက် ဘောလုံးကမ္ဘာရဲ့စာနာနားလည်မှု ပြသပေးခဲ့ခြင်းတွေက အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး စိတ်နှလုံးနွေးထွေးသွားစေပါတယ်။ ဒီလိုသတင်းကို ကြားသိရတာ တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါက ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ အရာပါပဲ”လို့ ဆက်ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဒမ်ဘီလီတို့ကလည်း သက်ဆိုင်ရာကလပ်အသင်းအတွက် သွင်းဂိုးကိုယ်စီရယူပြီးနောက် ကွယ်လွန်သူပေါ်တူဂီတိုက်စစ်မှူးအတွက် ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ပါတယ်။