The network connection is lost.

Banner Image

အာဆင်နယ်မှထွက်ခွာဖို့အတည်ပြုပြီးနောက် အသင်းဖော်တွေကို နှုတ်ဆက်စကားဆိုလာတဲ့ ဂျော်ဂျင်ဟို

အာဆင်နယ်ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွာသွားမယ့်အကြောင်း အတည်ပြုကြေညာပြီးနောက် ယခုအခါမှာတော့ နည်းပြမီခေးလ်အာတီတာနဲ့ အသင်းဖော်တွေကို နှုတ်ဆက်စကားပြောကြားလာခဲ့ပါတယ်။ 

ဂျော်ဂျင်ဟိုရဲ့လက်ရှိစာချုပ်ဟာ လာမယ့်လမှာပဲ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အီတလီသားဟာ ဘရာဇီးကလပ် ဖလာမင်ဂိုသို့ပြောင်းရွှေ့သွားမှာဖြစ်ပါတယ်။သတင်းတွေအရ ဂျော်ဂျင်ဟိုဟာ ဖလာမင်ဂိုနဲ့ ၃ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမယ်လို့သိရပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပါတယ်။ 

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ချဲလ်ဆီးနောက်ခံလူဟောင်း ဖီလစ်ပီလူးဝစ်ကိုင်တွယ်နေတဲ့ ဖလာမင်ဂိုဟာ အက်စပရန့်စ်၊ ချဲလ်ဆီး၊ လော့စ်အိန်ဂျလိစ်(သို့)ကလပ်အမေရိကတို့နဲ့ အုပ်စုတစ်ခုတည်းမှာ ကျရောက်နေပါတယ်။ ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးမှာ ၄ နှစ်ခွဲကြာနေထိုင်ခဲ့ပြီးမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှာ အာဆင်နယ်သို့ စတင်ပြောင်းရွှေ့ခဲ့ပါတယ်။ အီတလီနဲ့အတူ ယူရိုဆုဖလားဆွတ်ခူးနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ အာဆင်နယ်အတွက် စုစုပေါင်း ၇၉ ပွဲပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ 

ယခုအခါမှာတော့ ဂျော်ဂျင်ဟိုက "အာဆင်နယ်ကိုကျေးဇူးတင်ပါတယ်။တစ်ခါတလေမှာ ရာသီတစ်ခုက ဘောလုံးထက်ပိုပါတယ်။ အခိုက်အတန့်တွေက မမေ့နိုင်စရာပါ။ အာဆင်နယ်က ကျွန်တော့်အတွက် မိသားစုတစ်ခုလိုပါပဲ။ ဒီအသင်းနဲ့စတင်ချိတ်ဆက်တုန်းက ကလပ်တစ်ခုနဲ့ ပေါင်းစည်းတယ်လို့မခံစားရဘဲ မိသားစုတစ်ခုထဲကို ဝင်ရောက်ခဲ့ရသလို ခံစားရပါတယ်။ ဒီအသင်းက ဘောလုံးကိုရူးသွပ်ပြီး နိုင်ပွဲဆာလောင်တဲ့အသင်းပါ"

"ကျွန်တော့်မှာရှိသမျှအရာအားလုံးကို ဒီအသင်းအတွက်ပေးဆပ်ခဲ့ပါတယ်။ နေ့ရက်တိုင်း၊ ပွဲစဉ်တိုင်းမှာ အသင်းရဲ့ရလဒ်အတွက်ပဲမဟုတ်ဘဲ အသင်းရဲ့ အမှတ်တံဆိပ်နဲ့ ပရိသတ်တွေအတွက် ပေးဆပ်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုကလည်း အများကြီးတွန်းအားဖြစ်စေခဲ့ပါတယ်။ ဒါကို ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ အခုတော့ နှုတ်ဆက်စကားပြောရပါတော့မယ်။ တစ်ချိန်မှာပြန်တွေ့ရင်လည်း တွေ့ဦးမှာပေါ့"

"အိမ်နဲ့တူနဲ့နေရာတစ်ခုကနေထွက်ခွာဖို့ နှုတ်ဆက်စကားပြောရတာက မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော် အားအင်အပြည့် ခေါင်းမော့ရင်ကော့ပြီးထွက်ခွာသွားမှာပါ။ ကျွန်တော့်ကို ယုံကြည်ပြီး တွန်းအားပေးခဲ့ကြတဲ့ အသင်းဖော်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ နည်းပြ၊ ဝန်ထမ်းတွေနဲ့ ကလပ်ရဲ့နောက်ကွယ်က တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ကျွန်တော့်နာမည်ကို သီချင်းလုပ်ပြီးသီဆိုခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အချစ်တွေ၊ လေးစားမှုတွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။