The network connection is lost.

Banner Image

ရော်နယ်ဒို ဘာကြောင့်ကမ္ဘာ့ဘောလုံးလောကရဲ့ စံပြဖြစ်နေရသလဲဆိုတာ ရှင်းပြလိုက်တဲ့ ဂျော့ဂျ်ဂျီးဆပ်

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်နည်းပြ ဂျော့ဂျ်ဂျီးဆပ်က ပြိုင်ဘက် အယ်လ်နာဆာအသင်းရဲ့စူပါစတားတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဘာကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့ စံပြကစားသမားဖြစ်နေသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ပြိုင်ဘက်အယ်လ်နာဆာအသင်းမှ ကစားသမားဖြစ်နေပေမယ့် ဂျီးဆပ်ကတော့ ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်ဟာ အလုပ်အပေါ်မှာ အပြည့်အဝတာဝန်ကျေသူတစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင် ဂျီးဆပ်က သူကိုယ်တိုင်ကလည်း အသင်းရဲ့ကစားသမားတွေကို တွန်းအားပေးရာမှာ ရော်နယ်ဒိုကို စံနမူနာတစ်ယောက်အနေနဲ့ အတုယူကြဖို့ တိုက်တွန်းလေ့ရှိတယ်လို့ပြောပါတယ်။ 

ဂျီးဆပ်က "ရော်နယ်ဒိုက ဘောလုံးလောကရဲ့ စံနမူနာတစ်ခုပါပဲ။ သူက အသက်-၄၀ ရှိပြီဆိုပေမယ့် စံထားရတဲ့ပုဂ္ဂိုလ်ဖြစ်နေဆဲပါ။ အယ်လ်နာဆာရဲ့ပွဲတွေကို ကြည့်တဲ့လူတွေသိပါလိမ့်မယ်။ ရော်နယ်ဒိုက လူငယ်လေးတစ်ယောက်လိုပဲ စွမ်းဆောင်ရည်ကောင်းနေတုန်းပါ။ ရိုးရိုးသားသားပြောရမယ်ဆိုရင် သူ့အနေနဲ့ ဒီလိုခြေစွမ်းမျိုးကို ဘယ်အချိန်အထိဆက်လက်ထိန်းသိမ်းသွားနိုင်မလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး"

"သူက ၁၀၀ ရာခိုင်နှုန်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ကစားသမားပါ။ ကမ္ဘာပေါ်မှာ သူ့လောက်အထိ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နိုင်မယ့်ကစားသမားမရှိပါဘူး။ ဒါကြောင့်ပဲ သူက အသက်-၄၀ နဲ့ ထိပ်တန်းနေရာမှာပြေးလွှားနေနိုင်တာပါ။ တစ်ခါတလေမှာ ကျွန်တော့်ရဲ့ကစားမားတွေကို တွန်းအားပေးရင် ရော်နယ်ဒိုကို အတုယူဖို့ ပြောလေ့ရှိပါတယ်။ ရော်နယ်ဒိုက ကမ္ဘာတစ်ဝှမ်းက ကစားသမားတွေအားလုံးအတွက် စံနမူနာပါ။ ကစားသမားတစ်ယောက် သူ့ရဲ့ကစားသမားဘဝကို ကာလကြာရှည်ထိန်းသိမ်းနိုင်ဖို့က လေ့ကျင့်ရေးကွင်းမှာ တိုးတက်နေရုံနဲ့မရပါဘူး။ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်နိုင်ဖို့လည်း လိုအပ်ပါတယ်။ ပြီးတော့ အခုခေတ်ဘောလုံးလောကမှာ ကြံ့ခိုင်မှုတည်ဆောက်ဖို့က အခြေခံအကျဆုံးလိုအပ်ချက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

အသက်-၄၀ ပြည့်သွားခဲ့ပြီဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ထိပ်တန်းခြေစွမ်းနဲ့အတူ အာရှရဲ့ အကောင်းဆုံးအသင်းတွေထဲမှာတစ်သင်းဖြစ်တဲ့ အယ်လ်နာဆာမှာ အဓိက ကစားသမားအဖြစ် ရပ်တည်ထားနိုင်ဆဲဖြစ်ပါတယ်။ ယခု ၂၀၂၄-၂၅ ဘောလုံးရာသီအတွင်းမှာ ပေါ်တူဂီကြယ်ပွင့်ဟာ အယ်လ်နာဆာအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲကစားပြီး ၂၈ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။ ဒါ့အပြင် ဆော်ဒီပရိုလိဂ်ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာလည်း ရော်နယ်ဒိုဟာ စတုတ္ထနေရာမှာရပ်တည်နေပြီး ရွှေဖိနပ်ဆုကို စိန်ခေါ်ထားနိုင်ဆဲဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ ဒိန်းမတ်နဲ့ယှဉ်ပြိုင်သွားရမယ့် နေရှင်းလိဂ်ပြိုင်ပွဲ ကာတွားဖိုင်နယ်ပွဲစဉ်တွေကစားဖို့ ပေါ်တူဂီအသင်းမှာရောက်ရှိနေပါတယ်။