The network connection is lost.

Banner Image

ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် လစာလျှော့ယူခဲ့တဲ့အပြင် အပြီးသတ်ပြောင်းဖို့ တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့တဲ့ ဂျာအိုဖီးလစ်

အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဘာစီလိုနာသို့ နွေရာသီအပြောင်းအရွှေ့တွင် တစ်ရာသီအငှားစာချုပ်ဖြင့် လာရောက်ကစားနေတဲ့ ဂျာအိုဖီးလစ်ဟာ ဘာစီလိုနာသို့ ပြောင်းရန် ၎င်း၏လစာကိုပင်လျှော့ယူခဲ့ကြောင်းသိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်သည် အဆိုပါကစားသမားကို အပြီးသတ်ရောင်းချဖို့အစီအစဉ်မရှိသော်လည်း ကာယကံရှင်ဖြစ်တဲ့ ဂျာအိုဖီးလစ်က ၎င်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ရန်အတွက် လစာကိုလျှော့ယူနိုင်တဲ့အပြင် အပြီးသတ်အပြောင်းအရွှေ့အတွက် ၎င်းဘက်မှ အမြဲတမ်းတံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးက ဘာစီလိုနာအသင်းတွင် ကစားခွင့်ရရန်သည် ၎င်း၏အိပ်မက်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါပြောကြားချက်ကြောင့် အက်သလက်တီကိုမက်ဒရစ် အသင်းပရိသတ်များရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။

ပြီးခဲ့သည့်ရာသီက ချဲလ်ဆီးအသင်းသို့ အငှားသွားရောက်ကစားခဲ့သည့် ဂျာအိုဖီးလစ်က “ကျွန်တော့်လစာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို စွန့်လွှတ်ခဲ့တာတော့ အမှန်ပါပဲ၊ ဒါပေမယ့် အပြောင်းအလဲတစ်ခုတော့ လိုအပ်နေပါတယ်။ ကျွန်တော့်ရဲ့ ဘောလုံးစတိုင်လ်ကို ထောက်ပံ့ပေးနိုင်တဲ့ နေရာတစ်ခုကို လာဖို့ လိုအပ်ပြီး ဘာစီလိုနာက ကျွန်တော့်အတွက် အကောင်းဆုံးနေရာလို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ အခုတော့အရာရာတိုင်းက ကောင်းသွားပါပြီ။ ဘောလုံးပြန်ကစားရင်း ပျော်ရွှင်မှုကို ရှာတွေ့နိုင်ဖို့ ကြိုးစားအားထုတ်မှုတစ်ခုက အကောင်အထည်ပေါ်နေခဲ့ပါပြီ"


ဂျာအိုဖီးလစ်ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဘာစီလိုနာအတွက် ၃ ပွဲ ကစားပြီး ၃ ဂိုးဖန်တီးပေးထားကာ ဘာစီလိုနာ အသင်းတွင် ဆက်နေခွင့်ရဖို့ ကြိုးစားနေပါတယ်။ ၎င်းက “အင်း၊ ကျွန်တော့်အတွက်ကတော့ ရာသီကုန်ဆုံးပုံပေါ် မူတည်ပါတယ်။ နောက်ပိုင်းမှာတော့ ဘာစီလိုနာက အက်သလက်တီကိုနှင့် ညှိနှိုင်းရမည်ဖြစ်တဲ့အပြင် အက်သလက်တီကိုရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာလည်း မူတည်ပါတယ်။ ဒါပေမယ့် ဒါတွေက ကျွန်တော်မပါဝင်တဲ့ စီးပွားရေးဆိုင်ရာကိစ္စတွေပါ။ ကွင်းထဲမှာ ကျွန်တော့်အလုပ်ကို ကျွန်တော် ကောင်းကောင်းလုပ်နေတယ်၊ နောက်ဆုံးမှာ ကျွန်တော့်ကို လက်မှတ်ရေးထိုးချင်အောင် အကောင်းဆုံးလုပ်ဆောင်ပေးသွားဦးမှာပါ။ လစာဘယ်လောက်ရမလဲ၊ စိတ်မဝင်စားဘူး"လို့ ပြောကြားခဲ့ပါတယ်။

အက်သလက်တီကိုဟာ ၂၀၁၉ ခုနှစ်မှာ ဂျာအိုဖီးလစ်ကို ယူရို ၁၂၆ သန်း (ပေါင် ၁၀၉ သန်း)ဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး အဆိုပါအသက် ၂၃ နှစ်အရွယ် ကစားသမားသည် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေရှိနေတဲ့ ဘာစီလိုနာသို့ အပြီးသတ်ပြောင်းရွှေ့လိုပါက နောက်ထပ်အငြင်းပွားမှုကိစ္စတွေကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။