
ဘာစီလိုနာရဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲအဓိကပြိုင်ဘက်ကို ထုတ်ပြောပြလာတဲ့ လာပေါ်တာ
ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာက ဆုဖလားလေးလုံးအိပ်မက်နဲ့ အတော်လေးနီးစပ်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ အင်တာမီလန်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ခရီးလမ်းကို ရပ်တန့်ပစ်ခဲ့ရပါတယ်။ ဟန်စီဖလစ်ခ်ရဲ့အသင်းက ဥရောပအဆင့်မှာ အကောင်းဆုံးပြိုင်ဘက်တွေကို အနိုင်ယူကျော်ဖြတ်ခဲ့ပေမယ့် အဆုံးသတ်အောင်ပွဲကြီးကိုတော့ လူးဝစ်အင်းနရစ်ဦးဆောင်တဲ့ ပီအက်စ်ဂျီအသင်းကသာ ရရှိသွားခဲ့ပါတယ်။
ဘာစီလိုနာသာ အင်တာမီလန်ကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရဖို့ရှိခဲ့ပြီး ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် ပရိသတ်တွေ အတော်လေးစိတ်ဝင်စားသွားပါလိမ့်မယ်။ ဒါပေမဲ့ အဲ့ဒီအတိုင်း မဖြစ်လာခဲ့ပါဘူး။ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဒီကလပ်အသင်းနှစ်ခုအကြား ထိပ်တိုက်တွေ့ဆုံနိုင်မယ့် အခွင့်အလမ်းတစ်ခု ရှိနေပါသေးတယ်။ ဒီလိုထိပ်တိုက်တွေ့ဆုံမှုက လာပေါ်တာကိုယ်တိုင် အလိုချင်ဆုံးဆုလာဘ်တစ်ခု ဖြစ်နေပြန်ပါတယ်။
CNN နဲ့တွေ့ဆုံချိန် ဘာစီလိုနာဥက္ကဋ္ဌက “ ကျွန်တော်တို့တွေ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မကစားခဲ့ရပါဘူး။ ပြိုင်ပွဲပုံစံသစ်အရ ဒီနှစ်မှာ ကျွန်တော်တို့နှစ်သင်း ထိပ်တိုက်တွေ့ဆုံနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ပီအက်စ်ဂျီက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အကောင်းဆုံးလုပ်ပြခဲ့ပြီး ချန်ပီယံလိဂ်၊ လီဂူးဝမ်းစတဲ့ ပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့ပါတယ်။ သူတို့ရဲ့ကစားပုံ အရမ်းကောင်းခဲ့ပါတယ်။ သူတို့မှာ နည်းပြကောင်းတစ်ဦးရှိသလို ကောင်းမွန်တဲ့ကစားသမားတွေစုဖွဲ့ထားတဲ့ အသင်းကောင်းတစ်ခုလည်း ရှိပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်တို့အသင်းက သူတို့နဲ့ မကစားခဲ့ရပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့နှစ်သင်းလုံးက ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ပုံစံမျိုးနဲ့ ကစားခဲ့ကြလို့ ပြိုင်ဆိုင်မှုအရှိဆုံးအသင်းနှစ်ခုဆိုပြီး ဘောလုံးကိုချစ်မြတ်နိုးသူတိုင်း ပြောကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့နှစ်သင်း ဆုံတွေ့နိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့။ ကျန်တဲ့ပြိုင်ပွဲဝင်အသင်းတွေအပေါ် လေးစားမှုအပြည့်နဲ့အတူ ဘယ်သူပိုကောင်းသလဲဆိုတာ မြင်တွေ့ရနိုင်ပါတယ်။ ဒီနှစ်မှာလည်း နောက်ထပ်အသင်းကောင်းတစ်ခု ပေါ်ထွက်ကောင်းပေါ်ထွက်လာနိုင်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး လာပေါ်တာက အုပ်စုပုံစံထက် လိဂ်ပုံစံကို အသားပေးထားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်နဲ့ ပတ်သက်လို့ အတွေးအမြင်ကို ချပြလာခဲ့ပါတယ်။ သူကတော့ ယူအီးအက်ဖ်အေကိုယ်တိုင်ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲရဲ့ပရိသတ်တစ်ဦးလို့ အတိအလင်းဝန်ခံခဲ့ပါတယ်။
သူက “ ဒီပြိုင်ပွဲကြီးရဲ့ယှဉ်ပြိုင်မှုပုံစံတိုးတက်လာခြင်းအတွက် ယူအီးအက်ဖ်အေဥက္ကဋ္ဌကြီးစီဖာရင်ကို ဂုဏ်ပြုပေးချင်ပါတယ်။ စီဖာရင်က ဘောလုံးအကြောင်းကောင်းကောင်းသိပြီး ခံစားမှုလည်း ရှိပါတယ်။ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီထိပ်တိုက်တွေ့ဆုံမယ့်ပွဲစဉ်ကို စီဖာရင်ကိုယ်တိုင်လည်း ကြည့်ရှုချင်မယ်လို့ ထင်ပါတယ်။ ဒီအခွင့်အရေးကို လာမယ့်ဘောလုံးရာသီမှာ ရရှိသွားဖို့ မျှော်လင့်ထားပါတယ်”လို့ ဆိုပါတယ်။