ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးခံစစ်မှူးဟောင်းကိုနာတေးတို့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိပြီလို့ သတင်းထွက်ပေါ်
လီဗာပူးမှထွက်ခွာလာတဲ့ ကိုနာတေးက ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ်ခံစစ်ကစားသမားက ၂၀၂၁ ခုနှစ်မှာ လိုက်ပ်ဇစ်မှ လီဗာပူးဆီ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းအပြင် ငါးနှစ်သက်တမ်းရှိစာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီး ဒီနွေရာသီမှာတော့ သူ့ရဲ့လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုကြောင့် စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးမှု ပျက်ပြားသွားခဲ့ပါတယ်။
ဒီခံစစ်မှူးက မာဆေးဆိုဒ်ကလပ်အတွက် ပြိုင်ပွဲစုံ ၁၈၃ ပွဲ ပါဝင်ကစားပေးခဲ့ပြီး လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းက ကိုနာတေးနေရာကို အစာထိုးနိုင်မယ့်သူ ရှာဖွေနေချိန်မှာပဲ ပြင်သစ်သားကတော့ သူ့ရဲ့နောက်ထပ်ကလပ်အသင်းသစ်ကို ဆုံးဖြတ်ပြီးသား ဖြစ်နေပါပြီ။ စပိန်မှလာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌပီရက်ဇ်က လိုက်ပ်ဇစ်ကြယ်ပွင့်ဟောင်းနဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှုကို ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။
ဒီသတင်းကို Onda Cero သတင်းဌာနမှ အယ်လ်ဘာတိုပါရီရိုက ရေးသားဖော်ပြခဲ့ပြီး လာမယ့်ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ပီရက်ဇ် အနိုင်ရရှိပြီးတာနဲ့ ကိုနတေးကို ခေါ်ယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီအပြောင်းအရွှေ့က လီဗာပူးကိုစွန့်ခွာကာ စပိန်နိုင်ငံရဲ့မြို့တော်ဆီ ရောက်ရှိလာတဲ့ အာနိုးလ်ရဲ့ခရီးစဉ်အပြီး တစ်နှစ်အကြာမှာ ထွက်ပေါ်လာခြင်းဖြစ်သလို လာလီဂါဘီလူးကြီးကလည်း လီဗာပူးကြယ်ပွင့်တွေကို ဆက်တိုက်ဆိုသလို ဆွဲဆောင်ခေါ်ယူနေခြင်း ဖြစ်ပါတယ်။
တဖက်မှာလည်း လီဗာပူးအသင်းက စနေနေ့မှာ နည်းပြအန်းစလော့ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး သူ့ရဲ့နေရာအစားဖို့ အီရာအိုလာကို ပစ်မှတ်ထားနေပါတယ်။