
ဆုဖလားတွေအတွက် တိုက်ပွဲဝင်လိုတာကြောင့် ခရစ္စတယ်ပဲလေ့စ်မှ ထွက်ခွာသွားနိုင်ကြောင်း ပြောကြားလာတဲ့ မာတီတာ
ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဂျင်းန်ဖီလစ်ပီမာတီတာက သူ့အနေနဲ့ ကစားသမားဘဝမှာ ချန်ပီယံလိဂ်အပါအဝင် ထိပ်တန်းဆုဖလားတွေ ဆွတ်ခူးလိုတာကြောင့် ခရစ္စတယ်ပဲလေ့စ်မှ ထွက်ခွာပြီး အသင်းကြီးတစ်သင်းမှာ ကစားဘဝရှေ့ဆက်သွားနိုင်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ မာတီတာဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်းခရစ္စတယ်ပဲလေ့စ်ရဲ့တိုက်စစ်အတွက် မရှိမဖြစ်လိုအပ်တဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်ဟာ ၂ ရာသီအတွင်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၃၀ အထိသွင်းယူခဲ့ကာ အက်ဖ်အေဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။
မာတီတာဟာ ၂၀၂၂ ခုနှစ်မှာ မိန့်ဇ်မှ ခရစ္စတယ်ပဲလေ့စ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၂၃-၂၄ ဘောလုံးရာသီမှာ စတင်တောက်ပလာခဲ့ပါတယ်။ အဆိုပါရာသီမှာ ပြင်သစ်သားဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးအထိသွင်းနိုင်ခဲ့ပြီး ပဲလေ့စ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာတော့ မာတီတာဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိရရှိခဲ့သလို၊ အက်ဖ်အေဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ အသက်-၂၈ နှစ်အရွယ်ကစားသမားဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ဆင့်ခေါ်ခြင်းကိုခံထားရပြီး ယခုလအတွင်း အောက်တိုဘာလကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ စတင်ပါဝင်ကစားခွင့်ရသွားမှာဖြစ်ပါတယ်။ ယခုအခါမှာ အသင်းပြောင်းရွှေ့ဖို့ အစီအစဉ်ရှိသလားလို့ မေးမြန်းခဲ့ရာ မာတီတာက "အသင်းပြောင်းတာက သဘာဝပါပဲ။ ရည်မှန်းချက်ကြီးမားတဲ့ကစားသမားတိုင်း သူတို့ရဲ့ရည်မှန်းချက်တွေပြည့်ဝဖို့အတွက် အသင်းပြောင်းရပါတယ်။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ အခုလို လက်ရွေးစင်အသင်းမှာရောက်ရှိနေပြီး ချန်ပီယံလိဂ်ရဖူးတဲ့အသင်းဖော်တွေနဲ့ ထိတွေ့နေရတော့ ကျွန်တော်လည်း သူတို့လိုအောင်မြင်မှုမျိုးရရှိချင်ပါတယ်။ ဒါကသဘာဝပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ မာတီတာကို အက်စတွန်ဗီလာ၊ လိဒ်နဲ့ နယူးကာဆယ်တို့က ခေါ်ယူဖို့အတွက်ချိတ်ဆက်ခဲ့ကြသေးပေမယ့် ပဲလေ့စ်က ကစားသမားရဲ့တန်ကြေးကို ပေါင်သန်း ၄၀ အထိသတ်မှတ်ခဲ့တာကြောင့် သဘောတူညီမှုမရရှိခဲ့ပါဘူး။ ဒါ့အပြင် မာတီတာကို မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
လာမယ့်အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပြင်သစ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အဇာဘိုင်ဂျန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မာတီတာအနေနဲ့ လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။