The network connection is lost.

Banner Image

ရာသီသစ်မစတင်ခင် လီဗာပူးအသင်းခံစစ်ပိုင်းအတွက် သူ့ရဲ့စိုးရိမ်နေမှုကို ထုတ်ဖော်ပြသလာတဲ့ ကာရေဂါ

ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက် ဘောလုံးရာသီသစ်မစတင်ခင် လီဗာပူးအသင်းခံစစ်ပိုင်းကို ယုံကြည်ပေးနိုင်ဖို့ အခက်တွေ့နေတယ်လို့ ကာရေဂါက ဝန်ခံပြောဆိုလိုက်ပါတယ်။ လီဗာပူးက အခုနွေရာသီကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ပေါင် ၂၆၅ သန်းနီးပါး သုံးစွဲထားပြီး နယူးကာဆယ်တိုက်စစ်မှူးအီဆက်ခ်ကိုပါ ခေါ်လိုက်နိုင်မယ်ဆိုရင် သူတို့ရဲ့အသုံးစရိတ်က ပေါင်သန်း ၄၀၀ ကျော်အထိ ရှိလာနိုင်ပါတယ်။ 

ဒါပေမဲ့ အခုလိုအသင်းလူစာရင်းပိုင်းတည်ဆောက်မှုက ကာရေဂါကိုတော့ မစည်းရုံးနိုင်ခဲ့ပါဘူး။ အန်းစလော့က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချီယေဆာတစ်ဦးတည်းကိုသာ ခေါ်ယူခဲ့ပေမယ့် ဒီတစ်ကြိမ်အပြောင်းအရွှေ့ဈေးကွက်မှာတော့ ပံ့ပိုးမှုများစွာရရှိထားပြီး အသင်းလူစာရင်းပိုင်းကို ထူးထူးခြားခြားပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ တနင်္ဂနွေနေ့၊ ခရစ္စတယ်ပဲလေ့စ်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ပြီးနောက် ကာရေဂါက သူ့ရဲ့စိုးရိမ်စိတ်တွေကို ထုတ်ဖော်ပြသလာပါတယ်။

X လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကာရေဂါက “ ရာသီကြိုကာလတလျှောက်လုံးလိုပဲ လီဗာပူးက တိုက်စစ်ပိုင်းကောင်းမွန်နေပေမယ့် ခံစစ်ပိုင်းတော့ လျော့ရဲလွန်းပါတယ်။ ပြင်းထန်တဲ့တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲမှတဆင့် ပေါ်ပေါက်လာတဲ့ နေရာလွတ်တွေကနေ လီဗာပူးအသင်း ဂိုးအများစုကို ခွင့်ပြုပေးနေရပါတယ်။ ဒီနေ့မှာဆိုရင်လည်း ကာကက်ဇ်က ဆားနဲ့အတူ ခံစစ်အတွင်းပိုင်းအထိ ဝင်ရောက်သွားလို့ တောင်ပံခံစစ်ပိုင်းအတွက် ဂတ်ပို ဝင်ကူနေရပါတယ်”လို့ ပြောပါတယ်။

ခရစ္စတယ်ပဲလေ့စ်ရဲ့ဒုတိယမြောက်ဂိုးပေါ်ပေါက်လာချိန်မှာလည်း ကာရေဂါက “ ဟော.. နောက်ထပ်တစ်ကြိမ် ပေးလိုက်ရပြန်ပြီ”လို့ ရေးသားခဲ့ပါတယ်။လတ်တလောမှာ ဗန်ဒိုက်နဲ့ ကိုနာတေးတို့က ကမ္ဘာ့အကောင်းဆုံးဗဟိုခံစစ်အတွဲအဖက်စာရင်းဝင်လို့ သတ်မှတ်နိုင်ပေမယ့် သူတို့နှစ်ဦးလုံးမှာလည်း အားနည်းချက်ကိုယ်စီ ရှိနေပြန်ပါတယ်။ အသက်အရွယ်ရလာတဲ့ ဒတ်ချ်နောက်ခံလူနဲ့အတူ ကိုနာတေးရဲ့ဒဏ်ရာမှတ်တမ်းတွေက ပြီးပြည့်စုံမှုကို ဝေးကွာစေပြီး လာမယ့်ရာသီသစ်မှာ ခံစစ်ပိုင်းအပေါက်အပြဲတွေ ထပ်မံမြင်တွေ့ရနိုင်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေလည်း ရှိထားပါတယ်။ ဒီခံစစ်အတွဲအပြင် ကွင်ဆာကိုလည်း ရောင်းချထားလို့ အခြားစီနီယာအဆင့်ရွေးချယ်နိုင်မှုအဖြစ် ဂျိုးဂိုးမက်ဇ်တစ်ဦးတည်းသာ ကျန်ရှိပါတယ်။

အီဆက်ခ်အတွက် ကြိုးပမ်းမှုတွေ ဆက်ရှိနေပေမယ့် အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ဗဟိုခံစစ်မှူးတစ်ဦး မဖြစ်မနေရှာဖွေသွားဖို့ လီဗာပူးတို့ စဉ်းစားနေပါလိမ့်မယ်။ သူတို့တွေက လာမယ့်သောကြာနေ့မှာ ဘုန်းမောက်နဲ့ရင်ဆိုင်ကစားရင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်ကို စတင်ဖို့ရှိနေပြီး အနိုင်သုံးမှတ်အပြည့်ရရှိဖို့နဲ့ ခံစစ်ပိုင်းဒဏ်ရာပြဿနာအကျပ်အတည်းရှောင်ရှားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။