The network connection is lost.

Banner Image

တစ်ရာသီလောက်အထိနားရမယ့် ACL ဒဏ်ရာကြောင့် အလွန်စိတ်ပျက်မိကြောင်းဖွင့်ဟလာတဲ့ မက်ဒီဆင်

တော့တင်ဟမ်ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ဟာ တောင်ကိုရီးယားမှာကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ACL ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပြီး လာမယ့် ၂၀၂၅-၂၆ ရာသီတစ်ခုလုံးကို အနားယူပြီးဖြတ်သန်းရမှာဖြစ်လို့ ယခုအခါမှာ အဆိုပါဒဏ်ရာကြောင့် ဘယ်လောက်အထိ စိတ်ပျက်မိသလဲဆိုတာ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ကစားသမားအနေနဲ့ ဒဏ်ရာပြဿနာကြောင့် လာမယ့်ရာသီ တော့တင်ဟမ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာမဟုတ်သလို၊ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရတော့မှာမဟုတ်ပါဘူး။ 

ယခုအခါမှာ အင်္ဂလန်သားက "ကျွန်တော့်ဘဝတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ အနိမ့်ကျဆုံးအခိုက်အတန့်တွေထဲက အနိမ့်ဆုံးအခိုက်အတန့်ပါပဲ။ ဒီလိုအချိန်မှာမှ ဒါကိုကြုံတွေ့ခဲ့ရလို့ အရမ်းဝမ်းနည်းမိပါတယ်။ ကျွန်တော့်အနေနဲ့ မနက်ဖြန်စူပါဖလားပြိုင်ပွဲကိုလွဲချော်မယ့်အပြင် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကိုပါ လွဲချော်သွားတော့မှာပါ။ အရမ်းအရမ်းကို ရက်စက်လွန်းတဲ့ဒဏ်ရာပါပဲ။ ဒါပေမယ့် အခုလက်ရှိပြုလုပ်ထားတဲ့ ခွဲစိတ်ကုသမှုကတော့ အောင်မြင်ခဲ့ပါတယ်"

"ကျွန်တော့်ရဲ့မိသားစု၊ မိတ်ဆွေတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုတွေက အများကြီးအဓိပ္ပာယ်ရှိပါတယ်။ ပြီးတော့ ကျွန်တော်နဲ့တစ်ခါမှမဆုံဖူးတဲ့ ဆိုရှယ်မီဒီယာက ပရိသတ်တွေနဲ့ အားပေးနှစ်သိမ့်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ သူတို့ကြောင့် ကျွန်တော့်အနေနဲ့ စိတ်အားတက်ကြွပြီး ပြန်လာနိုင်ဖို့ တွန်းအားရခဲ့ပါတယ်။ ဒဏ်ရာပြဿနာကနေ ပြန်ကောင်းမှ ပြန်တွေ့ကြပါမယ်" လို့ပြောကြားခဲ့ပါတယ်။