The network connection is lost.

Banner Image

ဘိုလော့ဂ်နာရဲ့ကမ်းလှမ်းမှုကို လက်ခံပေးသွားဖို့ အဆင်သင့်ဖြစ်နေတဲ့ အီတာလီယာနို

ဖီအိုရင်တီးနား အသင်းမှ ထွက်ခွာလာတဲ့ ဗင်းဆင့်ဇိုအီတာလီယာနိုက ဘိုလော့ဂ်နာရဲ့နည်းပြသစ်ဖြစ်လာဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

မကြာသေးမီနာရီပိုင်းအတွင်းက နည်းပြသစ်ခန့်အပ်ဖို့ ဆွေးနွေးမှုတွေရပ်တန့်သွားပြီး ဘိုလော့ဂ်နာအသင်းကိုယ်တိုင်လည်း အခြားရွေးချယ်စရာတွေကို ရှာဖွေနေပြီလို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘိုလော့ဂ်နာက အီတာလီယာနိုအတွက် ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချမှတ်ဖို့ နောက်ဆုံးရက်သတ်မှတ်ပေးလိုက်ချိန်မှာ ဆွေးနွေးမှုတွေ အောင်မြင်သွားခဲ့တယ်လို့ Sky Sport Italia နဲ့ Sportitalia တို့မှ သတင်းဖော်ပြသွားခဲ့ပါတယ်။

မကြာမီအချိန်ပိုင်းအတွင်း ဘိုလော့ဂ်နာက မော့တာရဲ့နေရာဆက်ခံသူအဖြစ် အီတာလီယာနိုကို တရားဝင်ခန့်အပ်မှု ထွက်ပေါ်လာနိုင်ပါတယ်။ ဒါတွေအားလုံး ဖီအိုရင်တီးနားက အတ္တလန္တာကို အဝေးကွင်းမှာ အနိုင်ရရှိတဲ့ပွဲစဉ်အပြီး ဖြစ်ပေါ်လာခဲ့တာပါ။

ဒီပွဲစဉ်အပြီးမှာ အီတာလီယာနိုက သုံးနှစ်တာကာလအပြီး ဖီအိုရင်တီးနားကို စွန့်ခွာပြီလို့ အတည်ပြုပေးခဲ့ပါတယ်။ ဒီသုံးနှစ်တာကာလအတွင်း အီတာလီယာနိုက ဖီအိုရင်တီးနားကို ကိုပါအီတာလီယာဖလားဗိုလ်လုပွဲနဲ့ ယူရိုပါကွန်ဖရန့်လိဂ်ဖိုင်နယ်နှစ်ကြိမ်ဆက် တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီဗိုလ်လုပွဲတွေမှာတော့ အီတာလီယာနို အောင်ပွဲမခံနိုင်ခဲ့ပါဘူး။

ဖီအိုရင်တီးနားကလည်း သူတို့ရဲ့နည်းပြသစ်အဖြစ် မွန်ဇာနည်းပြဟောင်း ပယ်လာဒီနိုကို ခေါ်ယူလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ သီယာဂိုမော့တာရဲ့ဦးဆောင်မှုနဲ့အတူ ဘိုလော့ဂ်နာက အခုရာသီ၊ စီးရီးအေပြိုင်ပွဲမှာ အဆင့်-၅ နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့ပြီး လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပါတယ်။