ဒီနေ့မနက်ပိုင်း၊ ဂရိမြေ ယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲမှာ အိုလံပီယာကို့စ်ကို ရှုံးနိမ့်ခဲ့မှုကြောင့် ဖီအိုရင်တီးနားနည်းပြ အီတာလီယာနို ပြိုလဲကျသွားခဲ့ပါတယ်။ အိုလံပီယာကို့စ်အတွက် အချိန်ပိုမိနစ်တွေ အတွင်း အယ်လ်ကာဘီ သွင်းယူပေးခဲ့တဲ့ဂိုးက ဖီအိုရင်တီးနားကို ၁-၀ ဂိုးဖြင့်အနိုင်ယူကာ ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံသစ်ဖြစ်လာဖို့ လုံလောက်ခဲ့ပါတယ်။
Sky Italia သတင်းဌာနနဲ့ တွေ့ဆုံချိန် အီတာလီယာနိုက “ဒါက ဒုတိယအကြိမ်စိတ်ပျက်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ဂိုးတွေသွင်းယူဖို့ အခွင့်အရေးများစွာ ကျွန်တော်တို့ရရှိခဲ့လို့ ဒါက စိတ်ပျက်စရာအဆုံးသတ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကောင်လေးတွေကလည်း တက်နိုင်သမျှ အရာရာတိုင်း ပေးဆပ်ကစားခဲ့ပါတယ်။ ကျွန်တော်တု့ိ အားသွန်ခွန်စိုက်ကြိုးစားကစားခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုဘောလုံးကောင်းကောင်း မကစားနိုင်အောင် လုပ်ထားတဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန်၊ ပြိုင်ဘက်ဂိုးသမား ကိုယ်တိုင် ကွင်းလယ်ကိုကျော်ပြီး အဝေးဘောတွေနဲ့ ဘောလုံးကို ပေးပို့နေချိန်မှာပဲ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်”
“ကျွန်တော်တို့တွေ အခုပွဲစဉ်ကို ရှုံးနိမ့်ဖို့ မထိုက်တန်ဘူးလို့ ထင်ပါတယ်။ လမ်းကြောင်းအားလုံးက ပယ်နယ်တီအဆုံးအဖြတ်ဆီသွားဖို့ပဲ ဖြစ်နေခဲ့ပါတယ်။ ဒီပွဲရလဒ်ပိုင်းက ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ စိတ်ပျက်စရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေက တတိယအကြိမ်ဖိုင်နယ်ပွဲစဉ်ကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် တစ်ပွဲထိုးအဆုံးအဖြတ်ပေးမယ့်ပွဲစဉ်မှာ အနိုင်ရဖို့အတွက် တည်ငြိမ်မှုအပိုင်း၊ရင့်ကျက်မှုအပိုင်း အနည်းငယ်လိုအပ်နေခဲ့လို့ ဖြစ်ပါတယ်။ ကစားသမားတွေအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒါက ဘောလုံးပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီရှုံးပွဲကို လက်ခံနိုင်ရပါမယ်။ ကစားသမားတွေအားလုံး အဆင်သင့်ဖြစ်နေပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ ကြိုးစားအားထုတ်ကစားခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီလိုပွဲစဉ်မျိုးတွေက ကိုယ့်ပြိုင်ဘက် ဘယ်သူလဲဆိုတာအပေါ် အများကြီးမူတည်ပေမယ့် ကွင်းတွင်းဝင်ရောက်ကစားခဲ့သူတိုင်း တက်စွမ်းသမျှ အရာအားလုံးပေးဆပ်ကစားခဲ့ပါတယ်။ ကျွန်တော်တို့အားလုံး မျှော်လင့်ထားသလိုမျိုး မဟုတ်ပေမယ့် သူတို့ ဂိုးမသွင်းယူနိုင်ခင်မှာတင် ကျွန်တော်တို့အသင်း အောင်ပွဲခံဖို့ အခွင့်အရေးများစွာ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့အတွက်တော့ ဗိုလ်လုပွဲတွေမှာ အရာအားလုံးက အလွဲလွဲအချော်ချော်တွေချည်းပါပဲ၊ ကံမလိုက်တာမျိုးပေါ့”လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “ နာကျင်စရာရှုံးနိမ့်မှုဖြစ်ပါတယ်။ နှစ်နှစ်လောက် ဒီလမ်းကြောင်းပေါ်မှာရှိနေမှုက ကောင်းမွန်ပေမယ့် သဘာဝကျကျပြောရရင်တော့ ဆုဖလားကိုင်မြှောက်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒါကို မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကလည်း လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ပြိုင်ဘက်ရဲ့ ဆုဖလားကိုင်မြှောက်မှုကို မြင်နေရချိန်မှာ ဒီခရီးစဉ်တခုလုံးပျက်စီးသွားသလို ခံစားရပါတယ်။ ကောင်လေးတွေ ငိုကြွေးနေတာကို မြင်တွေ့ရလို့ နာကျင်မိပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့အတွက် နောက်ထပ်မတူညီတဲ့နိဂုံးတစ်ခု ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ တကယ်ကို ယုံကြည်ထားခဲ့တာပါ”လို့ ပြောပါတယ်။