The network connection is lost.

Banner Image

ဘာစီလိုနာကနေ ဘာကြောင့်ရုတ်တရက်ထွက်ခွာခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ အီနီဂိုမာတီနက်ဇ်

ပြီးခဲ့တဲ့ရက်သတ္တပတ်က ဘာစီလိုနာနောက်ခံလူ အီနီဂိုမာတီနက်ဇ်ဟာ အသင်းကနေ ထွက်ခွာကြောင်း အံ့အားသင့်ဖွယ်ကြေညာလာခဲ့ပြီး ယခုအခါမှာ‌တော့ ဘာကြောင့် ဘာစီလိုနာနဲ့ရုတ်တရက်လမ်းခွဲခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ စွယ်စုံရနောက်ခံလူဟာ လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ဘာစီလိုနာအတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့် ကစားသမားတစ်ဦးဖြစ်တယ်လို့ ယူဆခဲ့တာကြောင့် အခုလို ရုတ်တရက်ထွက်ခွာမှုက ပရိသတ်တွေအတွက်ရော၊ ဘောလုံးရပ်ဝန်းအတွက်ပါ အတော်လေးထူးဆန်းနေခဲ့တာဖြစ်ပါတယ်။ ကစားသမားဟာ ယခုအခါမှာ စပိန်မြေကိုစွန့်ခွာပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာမှာပြောင်းရွှေ့ကစားနေပြီဖြစ်ပါတယ်။

Onda Vasca နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ မာတီနက်ဇ်က "ကျွန်တော့်အပြောင်းအရွှေ့ကြောင့် လူအတော်များများ အံ့ဩသွားကြပါလိမ့်မယ်။ ဒါပေမယ့် ဒီနေ့ခေတ်ဘောလုံးလောကမှာ ပြောင်းလဲမှုတွေက မြန်မြန်ဆန်ဆန်ပဲဖြစ်ပေါ်နေတာပါ။ စီးပွားရေးအရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဆော်ဒီပရိုလိဂ်ကို ဘယ်လိဂ်ကမှ အနိုင်ရမှာမဟုတ်ပါဘူး"

"ကျွန်တော့်ကစားသမားဘဝ ရရှိခဲ့တဲ့အောင်မြင်မှုတွေကို ပြန်ကြည့်ပြီးနောက်မှာ အခုချိန်က ဒီလိဂ်ကိုလာဖို့ အကောင်းဆုံးအချိန်ပဲဆိုတာ သိခဲ့ရပါတယ်။ ဒီအသင်းရဲ့ကမ်းလှမ်းမှု ကိုငြင်းဖို့ကလည်း အရမ်းခက်ပါတယ်။ ဒီအသင်းနဲ့ချုပ်ထားတဲ့စာချုပ်မျိုးကို ဘယ်သူမှမျှော်လင့်ထားနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်ကိုယ်တိုင်တောင် အခုစာချုပ်ကို မယုံနိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

မကြာသေးမီကာလတွေက ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာဟာ မာတီနက်ဇ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားထားခဲ့ပြီး တကယ်လို့ ကစားသမားသာထွက်ခွာမယ်ဆိုရင် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေက ပိုမိုကောင်းမွန်လာမယ်လို့ဆိုပါတယ်။ မာတီနက်ဇ်ဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ဆော်ဒီသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး မာတီနက်ဇ်က "ကျွန်တော် ဒီအပြောင်းအရွှေ့ကိုပြုလုပ်သင့် မလုပ်သင့်စဉ်းစားခဲ့ပါတယ်။ ကျွန်တော် ဘာစီလိုနာမှာ လစာနည်းနည်းပဲရလို့ ဒီကိုပြောင်းလာခဲ့တာမဟုတ်ပါဘူး။ ကျွန်တော် ဘာစီလိုနာမှာအဆင်ပြေခဲ့ပါတယ်။ အခု ဆုံးဖြတ်ချက်က မိသားစုအတွက်လည်း ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်"

"ကျွန်တော့်ရဲ့အခြေအနေကို ဟန်ဆီဖလစ်ကတော့ နားလည်ပါလိမ့်မယ်။ ကျွန်တော်က ဘာစီလိုနာနဲ့စာချုပ် ၁ နှစ်ပဲကျန်တော့သလို၊ အသက်ကလည်း ၃၄ နှစ်ဖြစ်နေပါပြီ။ ဒါပေမယ့် အခုလို ကျွန်တော်ထွက်ခွာခဲ့တာက ဖလစ်အတွက်လည်း အံ့အားသင့်စရာဖြစ်နေမှာပါ။ ကျွန်တော် ဘာစီလိုနာကနေထွက်တော့မယ့်အကြောင်း ဖလစ်ကိုပြောပြတော့ သူခဏတော့ အံ့ဩသွားပါတယ်။ ပြီးတော့ ကျွန်တော့်အတွက်စိတ်မကောင်းကြောင်းနဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုကြောင်း ပြန်ပြောခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဖော်တွေနဲ့ နှုတ်ဆက်ပွဲပြုလုပ်ခဲ့သေးကြောင်းကိုလည်း မာတီနက်ဇ်က "အရမ်းဝမ်းနည်းစရာကောင်းတဲ့ နှုတ်ဆက်ပွဲပါ။ ကျွန်တော့်အနေနဲ့ အပြင်မှာ မငိုမိအောင်ထိန်းထားခဲ့ပေမယ့် ရင်ထဲမှာတော့ အရမ်းခံစားနေခဲ့ရပါတယ်။ ဘာစီလိုနာမှာနေခဲ့တာ အချိန်အရမ်းမကြာပေမယ့် သူငယ်ချင်းတွေအများကြီးရခဲ့ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။