
ယာမယ်လ်ကိုထိန်းချုပ်နိုင်ဖို့ အင်တာမီလန်အသင်း အဆင်သင့်ပြင်ထားရမယ်လို့ ဖွင့်ဟလိုက်တဲ့ ဘတ်စ်တိုနီ
အင်တာမီလန်ခံစစ်မှူးဘတ်စ်တိုနီက ဒီည၊ဆန်စီရိုမှာကစားမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒု-ကျော့ပွဲစဉ်အတွင်း သူ့ရဲ့အသင်းဟာ ဘာစီလိုနာတိုက်စစ်မှူးယာမယ်လ်ကို ထိန်းချုပ်ထားနိုင်ရေး ဦးစားပေးလုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။
Montjuic မှာကစားတဲ့ ပထမအကျော့ပွဲစဉ်အတွင်း အသက်-၁၇ နှစ်အရွယ်ဘောလုံးကြယ်ပွင့်က လှပလွန်းတဲ့ တစ်ကိုယ်တော်စွမ်းဆောင်ရည်သွင်းဂိုးအပြင် ထင်ရှားပြတ်သားလွန်းတဲ့ စွမ်းဆောင်ရည်ပိုင်းကို ပြသခဲ့ပြီး ဘာစီလိုနာအသင်းအတွက် သုံးဂိုးစီသရေရလဒ်ရှိအောင် ကူညီပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ယူရိုပြိုင်ပွဲကာလအတွင်း စပိန်က အီတလီကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ယာမယ်လ်နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ အသက်-၂၅ နှစ်အရွယ်ခံစစ်မှူးဘတ်စ်တိုနီကတော့ ဆယ်ကျော်သက်ရဲ့တိုးတက်မှုလျှင်မြန်ပုံကို ချီးကျူးပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဘတ်စ်တိုနီက “ စပိန်အသင်းနဲ့အတူ ယာမယ်လ်ကို ကျွန်တော် ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက သူ အခုလိုအဆင့်အတန်းမျိုးအထိ မရောက်လာသေးပါဘူး။ သူရဲ့လက်ရှိအဆင့်အတန်း၊ သူ့အသက်အရွယ်နဲ့ ကွင်းတွင်း မယုံကြည်နိုင်စရာကောင်းတဲ့အရာတွေ ဖန်တီးပေးနိုင်စွမ်းကြောင့် ကျွန်တော် အတော်လေးအထင်ကြီးမိပါတယ်။ သူက အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်ဖြစ်နေပါပြီ။
သူ့ကိုထိန်းချုပ်နိုင်ဖို့ ပထမအကျော့တုန်းကလိုပဲ ကျွန်တော်တို့ကစားသမား နှစ်ဦး၊ သုံးဦးလောက်အထိ သုံးသွားရပါလိမ့်မယ်။ ဒါပေမယ့် အလွန်အကျွံကြီးလုပ်သွားလို့ မရပါဘူး။ မဟုတ်ရင် ကျွန်တော်တို့တွေ နေရာလွတ်တွေ အများကြီးဖန်တီးပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဘာစီလိုနာမှာ ယာမယ်လ်ပဲရှိတာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
စိတ်လှုပ်ရှားစရာပထမအကျော့ပွဲစဉ်အတွင်း အစောပိုင်းဒရာမာဇာတ်လမ်းတွေ၊ နှောင်းပိုင်းဗရုတ်သုတ်ခဖြစ်စဉ်တွေအပြင် ယာမယ်လ်ရဲ့သမိုင်းသစ်ရေးထိုးမှုတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။
ဘတ်စ်တိုနီက “ အခုတော့ အခွင့်အရေးဆတူပါပဲ။ အားလုံးလည်း ရှင်းနေပါတယ်။ ပထမအကျော့ပွဲစဉ်လိုပဲ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကိုယ့်အသင်းပရိသတ်တွေရှေ့မှောက် ကစားရမှာဖြစ်လို့ ဝမ်းသာမိပါတယ်။ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ခရီးလမ်းအတွက် ဂုဏ်ယူနိုင်ပါတယ်။ အခုဆိုရင် ချန်ပီယံလိဂ်ဖလား လက်ထဲရောက်ရှိဖို့ နှစ်ပွဲပဲ ကျော်ဖြတ်ရပါတော့မယ်။ ဒါက ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါ။ ကောင်းမွန်တဲ့ထင်မြင်ယူဆချက်တစ်ခု ဖြစ်လာအောင်၊ ကျွန်တော်တို့အသင်းပရိသတ်တွေ ပျော်ရွှင်မှုရှိအောင် လုပ်သွားပေးချင်ပါတယ်။ ဆန်စီရိုမှာ ကျွန်တော်တို့အသင်းပရိသတ်တွေကလည်း ကျွန်တော်တို့အတွက် ကြီးမားတဲ့ခွန်အားတစ်ရပ် ဖြစ်စေမယ်ဆိုတာ သေချာပါတယ်။ ဒီလိုအခိုက်အတန့်တွေအတွက်ပဲ ရှင်သန်နေတာပါ”လို့ ပြောပါတယ်။