The network connection is lost.

Banner Image

ပွာတိုရီကိုနဲ့ပွဲမှာ ပါဝင်ကစားဖို့ အာဂျင်တီးနားလူစာရင်းသို့ပြန်လည်ရောက်ရှိလာတဲ့ မက်ဆီ

အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာ အင်တာမီယာမီအတွက် ပါဝင်ကစားပေးနေခဲ့တာကြောင့် ပြီးခဲ့တဲ့စနေနေ့က ဗင်နီဇွဲလားကိုအနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် ယခုအခါမှာတော့ အာဂျင်တီးနားလူစာရင်းထဲသို့ ပြန်လည်ရောက်ရှိလာပြီး အင်္ဂါနေ့ ပွာတိုရီကိုနဲ့ပွဲစဉ်မှာ ပါဝင်ကစားသွားဖွယ်ရှိတယ်လို့သိရပါတယ်။ 

အာဂျင်တီးနားဟာ နောက်ထပ်ခြေစမ်းပွဲစဉ်အဖြစ် ပွာတိုရီကိုနဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို မီယာမီမှာကျင်းပသွားမှာဖြစ်လို့ မက်ဆီအနေနဲ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်သို့ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့ အာဂျင်တီးနားရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို မက်ဆီတစ်ယောက် အပြည့်အဝပါဝင်ခဲ့တယ်လို့သိရလို့ ပွာတိုရီကိုနဲ့ပွဲစဉ်မှာ ကစားသမားကို ပြန်လည်မြင်တွေ့သွားရဖွယ်ရှိပါတယ်။

မက်ဆီအနေနဲ့ အဆိုပါပွဲစဉ်မှာပါဝင်ကစားနိုင်ချေရှိကြောင်းကို အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က "လီယွန်နယ်မက်ဆီဟာ အသင်းနဲ့ပြန်လည်ချိတ်ဆက်ထားတာကြောင့် အင်္ဂါနေ့ ပွာတိုရီကိုနဲ့ပွဲစဉ်မှာ ပါဝင်ကစားဖို့ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲက ပရိသတ်တွေအတွက်တော့ အထူးပွဲစဉ်ဖြစ်လာဖို့ရှိပါတယ်။ အသင်းရဲ့နည်းပြဝန်ထမ်းတွေနဲ့ ဆေးအဖွဲ့က မက်ဆီရဲ့ကြံ့ခိုင်မှုအခြေအနေကို အကဲဖြတ်နေကြပြီး နည်းပြချုပ်ရဲ့ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်" လို့အတည်ပြုထားပါတယ်။ 

ကနဦးကအဆိုပါပွဲစဉ်ကို ချီကာဂိုမှာကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မီယာမီမှာကျင်းပဖို့ပြန်လည်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က အတ္တလန္တာကိုအနိုင်ရခဲ့တဲ့ အင်တာမီယာမီရဲ့ပွဲစဉ်ကို အာဂျင်တီးနားကစားသမားအချို့ လာရောက်ကြည့်ရှုခဲ့ကြပြီး သူတို့ရဲ့အသင်းခေါင်းဆောင် မက်ဆီကိုအားပေးခဲ့ကြတယ်လို့သိရပါတယ်။ 

အဆိုပါပွဲစဉ်မှာ မက်ဆီကလည်း ၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ယခုနှစ်ရာသီအတွင်း မီယာမီအတွက် ၂၇ ပွဲကစားထားရာမှာ ၂၆ ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအတွက် ၁၉၄ ပွဲကစားပြီးချိန်မှာ ၁၁၄ ဂိုးအထိသွင်းယူထားနိုင်ပြီး လာမယ့်ပွာတိုရီကိုနဲ့ပွဲစဉ်မှာ သူ့ရဲ့ဂိုးသွင်းစံချိန်ကို ဆက်လက်မြှင့်တင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။