မွန်ထရီရယ်နဲ့ကစားမယ့်ပွဲစဉ်မတိုင်မီ မက်ဆီရဲ့ အခြေအနေကို အံ့အားသင့်ဖွယ် ဖွင့်ဟလိုက်တဲ့ အင်တာမီယာမီနည်းပြ
အင်တာမီယာမီဟာ တနင်္ဂနွေနေ့တွင် ကစားမယ့် MLS ပွဲစဉ်အတွက် အသင်းရဲ့ကြယ်ပွင့်ကစားသမား လီယွန်နယ်မက်ဆီအား အနားပေးဖို့ ဆုံးဖြတ်ဖွယ်ရှိကြောင်း လက်ထောက်နည်းပြ ဂျာဗီ မိုရာလက်စ်က ပြောကြားခဲ့ပါတယ်။မက်ဆီဟာ ယခုရာသီတွင် ဖလော်ရီဒါအခြေစိုက်ကလပ်ရဲ့ MLS နှင့် ချန်ပီယံဖလားပွဲစဉ် ၄ ပွဲစလုံးမှာ ပါဝင်ကစားခဲ့ပါတယ်။
နက်ချ်ဗီးလ်နှင့် သရေကျပြီးနောက် ရက်ပိုင်းအကြာတွင် ကနေဒါကလပ် မွန်ထရီရယ်အသင်းနှင့် ယှဉ်ပြိုင်ကစားမယ့်ပွဲမှာတော့ နည်းပြ တာတာမာတီနိုက သူ့ကို အနားပေးဖို့ ရွေးချယ်ခဲ့ပါတယ်။မီယာမီကလပ်ဟာ တနင်္ဂနွေနေ့တွင် ကစားမည့်ပွဲမှာ မက်ဆီကိုထည့်သွင်းကစားဖို့အတွက် ဆုံးဖြတ်ချက်မချရသေးကြောင်းနှင့် အဲ့ဒီအတွက် ကမ္ဘာ့ဖလားဆုရှင်နှင့် ဆွေးနွေးမှုများ ပြုလုပ်မှာဖြစ်ကြောင်း လက်ထောက်နည်းပြ မိုရာလက်စ်က ပြောကြားခဲ့ပါတယ်။
နည်းပြချုပ် မာတီနိုက အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးအနေနဲ့ မကြာသေးမီက ပြန်လည်ကစားတဲ့ အချိန်အတွင်းမှာ ဒဏ်ရာပြဿနာကို ခံစားနေရကြောင်း အဲ့ဒီအတွက် စိုးရိမ်မိကြောင်း ယခုအပတ်တွင် ပြောကြားခဲ့ပါတယ်။အသင်းခေါင်းဆောင်ဟာ ဖေဖော်ဝါရီနှောင်းပိုင်း ရာသီသစ်စတင်ချိန်မှစ၍ ပွဲများတွင်ပါဝင်ကစားခဲ့ပြီး ၄ ဂိုးသွင်းထားတာဖြစ်ပါတယ်။
ယခုအချိန်အထိ MLS ပွဲစဉ်မှာ ၂ ပွဲအနိုင်ရကာ ၁ ပွဲသရေကျထားပြီး မွန်ထရီရယ်နှင့်ကစားမယ့်ပွဲမှာ အင်တာမီယာမီဟာ ရှုံးပွဲမရှိတဲ့ရာသီအစကို ဆက်လက်ထိန်းထားဖို့ ရည်မှန်းထားပါတယ်။အကယ်၍ မက်ဆီက ယခုရက်သတ္တပတ်ကုန်တွင် ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို လွဲချော်ခဲ့ပါက အာဂျင်တီးနားသားဟာ လာမယ့်ရက်သတ္တပတ်တွင် နက်ချ်ဗီးလ်နှင့်ကစားမယ့် ချန်ပီယံဖလား ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အတွက် ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။