
ပေါင် ၁၆၀,၀၀၀ တန် Porsche တစ်စီးအပါအဝင် အမိုက်စားကားတွေကို ပိုင်ဆိုင်ထားတဲ့ ဟာလန်း
မန်စီးတီးကြယ်ပွင့်ဟာလန်းက နှစ်အနည်းငယ်အတွင်း အံ့အားသင့်လောက်စရာ မော်တော်ကားများစွာကို ဝယ်ယူစုဆောင်းခဲ့ပါတယ်။ လတ်တလောမှာ အသက်-၂၄ နှစ်အရွယ် နော်ဝေကြယ်ပွင့်က အီတီဟတ်ကလပ်နဲ့ စာချုပ်သစ်ချုပ်ဆိုထားပြီး သီတင်းတစ်ပတ်လုပ်ခ ပေါင် ၅၀၀,၀၀၀ အထိ ရရှိသွားပါလိမ့်မယ်။ ဒီလိုလုပ်ခလစာနှုန်းထားမျိုးက မန်စီးတီးဂိုးသွင်းစက်ကို အဆင့်အတန်းမြင့်မြင့်လူနေမှုဘဝမှာ နေထိုင်နိုင်ဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။
ဟာလန်းရဲ့စိတ်ကြိုက်အဖြစ်ဆုံးကိစ္စတွေအနက် တစ်ခုကိုပြောပြရမယ်ဆိုရင် ကျယ်ဝန်းလှတဲ့ ကိုယ်ပိုင်ကားဂိုဒေါင်ကြီးထဲ အမိုက်စားမော်တော်ကားတွေ ဝယ်ယူထည့်သွင်းရခြင်းပဲ ဖြစ်ပါတယ်။ လုပ်ခလစာတိုးမြှင့်ရရှိပြီးနောက်မှာပဲ ဟာလန်းက မယုံကြည်နိုင်လောက်စရာ မော်တော်ကားနှစ်စီးအတွက် ငွေကြေးအလုံးအရင်း သုံးစွဲခဲ့ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း ပေါင် ၁၆၀,၀၀၀ တန် Porsche 911 GT3 အမိုက်စားကားတစ်စီးကို မောင်းနှင်ရင်း မန်စီးတီးအသင်းလေ့ကျင့်ရေးကွင်းဆီ ဂိုးမုဆိုးတစ်ဦး ရောက်ရှိလာတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ဟာလန်းက မန်ချက်စတာလေဆိပ်မှ အနိမ့်ဆုံး ပေါင် ၃၅၀,၀၀၀ တန်ကြေးရှိ Aston Martin DBX 707 မော်တော်ကားနဲ့အတူ ထွက်ခွာသွားခဲ့ပါတယ်။
ဒါပေမယ့် ဟာလန်းပိုင်ဆိုင်တဲ့မော်တော်ကားတွေအကြောင်းပြောမယ်ဆိုရင် ဒီမော်တော်ကားနှစ်စီးက အစွန်းထွက်လောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဟာလန်းက ဘယ်လိုကားအမျိုးအစားတွေကို ကြိုက်နှစ်သက်သလဲဆိုတာ လေ့လာကြည့်ကြပါစို့။
Porsche 911 GT3, ပေါင် ၁၆၀,၀၀၀
----------------------------------------
ဆယ်စုနှစ်တစ်ခုစာ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး မကြာခင်မှာပဲ ဟာလန်းကို ပြောင်လက်တောက်ပနေတဲ့ မော်တော်ကားတစ်စီးနဲ့ မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့လိမ္မော်ရောင်ရင့်ရင့် 911 GT3 အမိုက်စားမော်တော်ကားက အီတီဟတ်ကွင်းပြင်ပ၊ အမှတ်တရလက်မှတ်ရယူဖို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီးအကြားမှာ အတော်လေးထင်ရှားနေပါတယ်။
ဒီမော်တော်ကားအမျိုးအစားကို ၂၀၁၇ ခုနှစ်မှာ ဈေးကွက်ဆီ ဖြန့်ဖြူးရောင်းချခဲ့ပြီး Porsche ရဲ့ အကြီးကျယ်ဆုံးထုတ်ကုန်တွေအနက် တစ်ခု ဖြစ်လာပါတယ်။ 911 GT3 က မယုံကြည်နိုင်လောက်စရာကောင်းအောင် မြန်ဆန်လွန်းပြီး ၂ ဒဿမ ၇ စက္ကန့်အတွင်းမှာပဲ မိုင် ၆၀ အထိ ရောက်ရှိနိုင်မယ့် ရုန်းအားမျိုးကို ဖန်တီးပေးနိုင်ပါတယ်။
Aston Martin DBX 707, ပေါင် ၃၅၀,၀၀၀
----------------------------------------------
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို မရှုမလှရှုံးနိမ့်ပြီးနောက် မန်ချက်စတာလေဆိပ်မှ နောက်ထပ်မော်တော်ကားအသစ်တစ်စီးနဲ့ ဟာလန်းထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟာလန်းက အထူးထုတ် Formula 1 လုံခြုံရေးမော်တော်ကားလို့ လူသိများကျော်ကြားတဲ့ အစိမ်းရင့်ရောင် Aston Martin DBX 707 အမိုက်စားမော်တော်ကားကို မောင်းနှင်ခဲ့တာပါ။
ဒီမော်တော်ကားအမျိုးအစားရဲ့အရှိန်အဟုန်က ၇၁၅ bhp ဖြစ်ပြီး Ferrari ရဲ့ Purosangue မပေါ်ပေါက်လာခင် ကမ္ဘာ့စွမ်းဆောင်ရည်အကောင်းဆုံး SUV အမျိုးအစားမော်တော်ကား ဖြစ်ခဲ့ပါတယ်။ Aston Martin DBX 707 က ၃ ဒဿမ ၃ စက္ကန့်အတွင်း မိုင် ၆၀ အထိရှိမယ့် လျှင်မြန်မှုမျိုးကို ဖန်တီးပေးနိုင်ပါတယ်။
Rolls-Royce Cullinan, ပေါင် ၃၀၀,၀၀၀
--------------------------------------------
ပေါင် ၃၀၀,၀၀၀ ဆိုတဲ့ ငွေကြေးပမာဏကြီးကို အကုန်အကျခံပြီးနောက် ဟာလန်းအတွက် နောက်ထပ်ဇိမ်ခံမော်တော်ကားတစ်စီး ရရှိလာခဲ့ပါတယ်။ Cullinan က စီရော်နယ်ဒို၊ ဘောက်ဆင်ချန်ပီယံ အန်ဒီရုဇ်တို့လို အားကစားကြယ်ပွင့်တွေကြားမှာ ထင်ရှားကျော်ကြားလှပါတယ်။ ဒီမော်တော်ကားက အရှည် ၅ ဒဿမ ၃ မီတာ၊ အကျယ် ၂ ဒဿမ ၁ မီတာနဲ့ အမြင့် ၁ ဒဿမ ၈ မီတာ ရှိပြီး အတော်လေးကြီးမားလှပါတယ်။
ဒါပေမယ့် ၂ ဒဿမ ၆ တန် အလေးချိန်ရှိတဲ့ Cullinan မှာ စွမ်းအားတစ်ခုခုတော့ ချို့တဲ့နေလိမ့်မယ်လို့ ပြောလို့မရပါဘူး။ 6.75 litre V12 အင်ဂျင်နှစ်လုံးထိုးက ဒီလိုကြီးမားလှတဲ့မော်တော်ကားကြီးကို ငါးစက္ကန့်အတွင်းမှာပင် ၆၂ မိုင်အထိ ရုန်းအားရှိစေပြီး အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီ ၁၅၅ မိုင်အထိ ရောက်ရှိစေနိုင်ပါတယ်။
Range Rover Sport, ပေါင် ၁၂၀,၀၀၀
------------------------------------------
အခြားဘောလုံးသမားတွေရဲ့ သမားရိုးကျမော်တော်ကားတွေလိုပဲ ဟာလန်းရဲ့Range Rover Sport က ထိပ်တန်းအဆင့်မျိုးမှာ ပါဝင်ပါတယ်။ ဒီမော်တော်ကားအတွင်းမှာ လျှပ်စစ်ဓါတ်အားသုံးအညောင်းအညာပြေထိုင်ခုံတွေနဲ့ သာယာငြိမ့်ညောင်းလှတဲ့ တေးသံတွေ ထုတ်လွှတ်ပေးနိုင်မယ့် အသံစနစ်တို့ ပါဝင်ပါတယ်။
၂၀၁၈ ခုနှစ်ဆီ ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီကားအမျိုးအစားက ပရီးမီးယားလိဂ်ကြယ်ပွင့်တွေရဲ့ အကြိုက်နှစ်သက်ဆုံးစာရင်းမှာ ထိပ်ဆုံးမှပါဝင်ခဲ့ပါတယ်။ အဲ့ဒီကာလအတွင်း မန်ချက်စတာယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ သွားကြည့်လိုက်မယ်ဆိုရင် Range Rover Sport တွေ အများကြီး မြင်တွေ့ရပါလိမ့်မယ်။ အံ့အားသင့်လောက်စရာကောင်းအောင် ဒီမော်တော်ကားက ၄ ဒဿမ ၃ စက္ကန့်အတွင်းမှာပဲ မိုင် ၆၀ အထိ ရောက်ရှိနိုင်မယ့် ရုန်းအားမျိုး ဖန်တီးပေးနိုင်သလို အမြင့်ဆုံးမြန်နှုန်းအဖြစ် တစ်နာရီ ၁၇၆ မိုင်အထိ ပေးစွမ်းနိုင်ပါတယ်။
Audi RS6 Avant, ပေါင် ၁၂၀,၀၀၀
-----------------------------------------
Audi RS6 Avant က ဟာလန်းရဲ့လက်စွဲတော်မော်တော်ကား ဖြစ်ပါတယ်။ ဒေါ့မွန်အတွက် ဂျာမန်မြေမှာကစားခဲ့စဉ် ဟာလန်းမှာ အနီရောင် RS6 တစ်စီး ရှိခဲ့ဖူးပါတယ်။ အခု မန်စီးတီးအတွက် ကစားပေးနေချိန်မှာတော့ သူက ခေတ်မှီဆန်းသစ်လှတဲ့ ကာဗွန်မီးခိုးရောင် RS6 နဲ့ မြို့အနှံ့ခရီးထွက်မှုကို မြင်တွေ့နေရပါတယ်။ သစ်လွင်တောက်ပလွန်းတဲ့ ဒီမော်တော်ကားအမျိုးအစားက ၃ ဒဿမ ၅ စက္ကန့်အတွင်း မိုင် ၆၀ အထိ ရောက်ရှိနိုင်မယ့် ရုန်းကန်အားကို ဖန်တီးပေးနိုင်ပါတယ်။
Mercedes-AMG GLE Coupe, ပေါင် ၉၀,၀၀၀
--------------------------------------------------
ဟာလန်းပိုင်ဆိုင်သမျှမော်တော်ကားတွေအနက် ဈေးအသက်သာဆုံးဖြစ်နေလို့ Mercedes-AMG GLE Coupe ကို စွမ်းဆောင်ရည်ပိုင်း အရမ်းဆိုးရွားညံ့ဖျင်းတယ်လို့တော့ မယူဆစေချင်ပါဘူး။ ကျယ်ဝန်းလှတဲ့အတွင်းပိုင်းဒီဇိုင်းတွေနဲ့Mercedes ကားက SUV ကမ္ဘာမှာ နာမည်အကြီးဆုံးဇိမ်ခံမော်တော်ကား အမျိုးအစားဖြစ်ပါတယ်။
ဒါကြောင့်ပဲ ဒီမော်တော်ကားက ဟာလန်းအတွက် သက်သောင့်သက်သာရှိမယ့် ခရီးစဉ်တွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ဟာလန်းကိုယ်တိုင်လည်း နေ့တိုင်းလိုလို Mercedes-AMG GLE Coupe နဲ့ လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိလာလေ့ရှိပါတယ်။ Mercedes-AMG GLE Coupe က ၅ ဒဿမ ၂ စက္ကန့်အတွင်း မိုင် ၆၀ အထိရောက်ရှိနိုင်မယ့် လျှင်မြန်မှုမျိုး ပိုင်ဆိုင်ထားလို့ ဟာလန်းအတွက် မန်စီးတီးအသင်းလေ့ကျင့်ရေးကွင်းဆီ အချိန်မီမရောက်နိုင်စရာအကြောင်း လုံးဝမရှိပါဘူး။