
အင်တာမီလန်ကပ္ပတိန်လော်တာရိုမာတီနက်ဇ်နဲ့ ပြန်သင့်မြတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကယ်လ်ဟာနိုဂလူ
တူရကီဘက်မှစိတ်ဝင်စားမှုတွေရှိနေပေမယ့် ကယ်လ်ဟာနိုဂလူကတော့ အင်တာမီလန်မှာပဲ ဆက်ရှိနေချင်တယ်လို့ ပြောကြားရင်း လော်တာရိုမာတီနက်ဇ်နဲ့စိတ်ဝမ်းကွဲနေခြင်းအပေါ် နှုတ်ဆိတ်နေမှု ကို ချိုးဖျက်ပစ်ခဲ့ပါတယ်။ မကြာသေးမီကာလတုန်းက ပေါ်ပေါက်ခဲ့တဲ့ ဒရာမာဇာတ်လမ်းတွေကို အတိတ်မှာထားခဲ့ပြီး အင်တာမီလန်မှာ ဆက်ရှိနေချင်တယ်ဆိုတဲ့ သတင်းစကားတစ်ခုနဲ့အတူ အသင်းလေ့ကျင့်ရေးကွင်းဆီ ကယ်လ်ဟာနိုဂလူ ရောက်ရှိလာခဲ့ပါတယ်။ ဒဏ်ရာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ပြီးနောက် တူရကီကွင်းလယ်ကစားသမားက လေ့ကျင့်ရေးပြန်စတင်ခဲ့ပြီး အပြောင်းအရွှေ့ကောလာဟလတွေကိုလည်း ဖြေရှင်းသွားခဲ့ပါတယ်။ လော်တာရိုမာတီနက်ဇ်နဲ့ဖြစ်ခဲ့တဲ့စိတ်ဝမ်းကွဲမှုနဲ့ပတ်သက်လို့လည်း သူက အင်တာမီလန်အသင်းခေါင်းဆောင်နဲ့ စကားပြောဆိုဖြစ်ခဲ့ပြီး နှစ်ဦးလုံး အီတလီမြေပြန်ရောက်ရှိချိန် ပွေ့ဖက်နှုတ်ဆက်သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အင်တာမီလန်ရဲ့ ကလပ်ကမ္ဘာ့ဖလားခရီးစဉ်က ၁၆-သင်းရှုံးထွက်အဆင့်မှာ ဖလူမိနီစ်ကို အရေးနိမ့်မှုနဲ့အတူ စိတ်ပျက်ဖွယ်အဆုံးသတ်ခဲ့ပါတယ်။ ပွဲပြီးအင်တာဗျူးအစီအစဉ်အတွင်း လော်တာရိုမာတီနက်ဇ်က အမည်ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အသင်းမှာဆက်မနေလိုတဲ့ကစားသမားတွေ ထွက်ခွာသွားသင့်တယ်လို့ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။ ဒါက ကယ်လ်ဟာနိုဂလူကို တိုက်ရိုက်ပြောကြားခဲ့တာမျိုးမဟုတ်ပေမယ့် ကွင်းလယ်ကစားသမားနဲ့ ဂါလာတာစာရေးတို့အကြား ဆက်နွယ်နေတဲ့ ကောလာဟလတွေအပေါ် တိုက်ရိုက်ရည်ညွှန်းခြင်းဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အင်တာမီလန်ဥက္ကဋ္ဌမာရော့တာက လော်တာရိုမာတီနက်ဇ်ရဲ့မှတ်ချက်တွေဟာ ကယ်လ်ဟာနိုဂလူဆီ ဦးတည်နေတာပါလို့ အတည်ပြုပေးခဲ့ပါတယ်။
အခုတော့ ကယ်လ်ဟာနိုဂလူက အပြောင်းအရွှေ့ကောလာဟလတွေနဲ့ပတ်သက်လို့ သူ့ရဲ့ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အခုဘောလုံးရာသီသစ်မှာ အင်တာမီလန်နဲ့အတူ နိုင်ပွဲတွေရှာဖွေချင်တယ်လို့ မှတ်ချက်ပေးလာခဲ့ပါတယ်။ သူက “ အပြောင်းအရွှေ့ကောလာဟလဆိုတာ နှစ်တိုင်းရှိပါတယ်။ ဒီနှစ်မှာတော့ နည်းနည်းလေးပိုများနေတာပေါ့။ ဒါပေမဲ့ ကျွန်တော်ပြန်လာတာကို ပရိသတ်တွေမြင်တွေ့စေချင်လို့ ကျွန်တော် ဘာမှမပြောခဲ့ပါဘူး။ အမြဲတမ်းထုတ်ပြောနေတယ်ဆိုတာက မှန်ကန်တဲ့နည်းလမ်းတော့ မဟုတ်ဘူး။ အမှန်ပါပဲ၊ အင်တာမီလန်ကစားသမားအဖြစ် ပြန်လာရလို့ အရမ်းပျော်ရွှင်မိပြီး အသင်းမှာ ဆက်ရှိနေချင်တယ်”လို့ ပြောပါတယ်။
လော်တာရိုမာတီနက်ဇ်နဲ့သူ့အကြား အခြေအနေကိုလည်း ကယ်လ်ဟာနိုဂလူက “ ကျွန်တော်တို့ စကားပြောပြီးပါပြီ။ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေဖြစ်လို့ ဘာပြဿနာမှမရှိပါဘူး။ ကပ္ပတိန်ပြန်ရောက်လာရင်လည်း ကျွန်တော် ပွေ့ဖက်ကြိုဆိုသွားပါမယ်။ အခုတော့ သူက အားလပ်ရက်ကာလထဲမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့အားလုံးရဲ့စိတ်တွေ ရှင်းလင်းနေပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့အားလုံး ပိုမိုလန်းဆန်းနေပြီး ရှေ့ဆက်နိုင်ဖို့ပဲတွေးနေကြပါတယ်”လို့ ရှင်းပြပါတယ်။
လတ်တလောမှာ တူရကီကွင်းလယ်ကစားသမားက အီတလီနိုင်ငံဆီ ပြန်လည်ရောက်ရှိနေပြီး ဇူလိုင် ၂၆ ရက်မှာ စတင်မယ့် အင်တာမီလန်အသင်းရဲ့ရာသီကြိုခရီးစဉ်မှာ ပါဝင်လာပါလိမ့်မယ်။ သူတို့တွေက စီးရီးအေရာသီသစ်ကို သြဂုတ် ၂၅ ရက်၊ ဆန်စီရိုမှာ တိုရီနိုကိုဧည့်ခံကစားရင်း စတင်သွားပါမယ်။